11-11 စစ်ဆင်ရေး ပထမနေ့မှာပဲ စခန်း ၇ ခုသိမ်း၊ တိုက်လေယာဉ်တစ်စီးပျက်ကျ
11 November 2023 – Kachinwaves
ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ပေါင်းစုများ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် ၁၁-၁၁ စစ်ဆင်ရေး” ကို စတင်ကြောင်း ကြေညာပြီး တစ်ရက်တည်း၌ စခန်း ၇ ခု သိမ်းပိုက်ခဲ့သလို တိုက်လေယာဉ်တစ်စီးလည်း ပျက်ကျခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
အဆိုပါ ၁၁၁၁ စစ်ဆင်ရေးတွင် ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသည့် ကရင်နီတပ်မတော်
( KA )၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF )၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ဒီမော့ဆို PDF (DMO PDF)၊ လွိုင်ကော် PDF (Loikaw PDF)၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ပါဝင်ကြောင်း သိရသည်။
စစ်ဆင်ရေး၏ ပထမမြောက်နေ့တွင် စစ်ကောင်စီ တပ်စခန်း ၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ယနေ့နံနက် ၅ နာရီကစပြီး မိုးဗြဲ၊ ဒီမော့ဆိုနှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဝါရီဆူးပလိုင်၊ နန့်စံခန်း၊ ဘုရားဖြူ၊ ညောင်ဝိုင်း၊ ဝါရီကောခူ၊ ရေယို နှင့် ချိကယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွါးရာနေရာများသို့ ဒီးမော့ဆို၊ လွိုင်ကော် နှင့် မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ ပစ်ကူပေးခဲ့ပြီး လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ် အတွင်းရှိတိုက်ပွဲများထဲသို့ တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြုပြီး အကြိမ် (၂၀) နီးပါးလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် တိုက်လေယာဉ်တစ်စီးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ တစ်စီးပျက်ကျပြီး စစ်ကောင်စီလေသူရဲနှစ်ဦး လွတ်မြောက်နေကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၁၀၀) ခန့် နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
စခန်းသိမ်းတိုက်ပွဲမှ အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းရှိပြီး စခန်းကိုစွန့်ခွါထွက်ပြေးသွားသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။
၁၁-၁၁ စစ်ဆင်ရေးကို အာဏာရှင်ဖြုတ်ချရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးနိုင်ရေးအတွက် တိုက်ပွဲများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်မည့်အချိန်တွင် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမည့် အစီအမံများနှင့် သက်ဆိုင်ရာ ကြိုတင်ပြင်ဆင် ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ထုတ်ပြန််ချက်တွင် ရေးသားထားသည်။