ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွှဲနေ
9 November 2023 – Kachinwaves
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကောလင်းမြို့နှင့် ပင်လည်ဘူးမြို့တို့ကို တော်လှန်ရေးတပ်ပေါင်းစုများ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယမန်နေ့ကစပြီး ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲနေပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်ကစပြီး ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ဒေသတော်လှန်ရေး တပ်ပေါင်းစုများမှာ ထီးချိုင့်မြို့အဝင်တပ်စွဲထားသည့် စစ်ကောင်စီနှင့် တပ်ဖွဲ့တို့ကို စတင်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) တစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့များမှာ ထီးချိုင့်မြို့ကပ်လျက်တောင်ပေါ်ရှိ ရဲစခန်း၊ ရွှေဂူတောင်နှင့် မြို့အတွင်းရှိ ဘုရားစေတီ၊ ကျောင်းတိုက်များနှင့် ဆက်သွယ်ရေးတာဝါတိုင်စသည့် နေရာများနှင့် ထီးချိုင့်မြို့အဝင်တွင် တပ်စွဲထားခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားသည့် ပထမနေ့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်ခဲ့သည့်အတွက် ပျက်စီးခဲ့သည့် နေအိမ်များရှိကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် နဝရတ်ရပ်ကွက်တွက် အိမ်စောင့်ကျန်ခဲ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အခြားတစ်ဦးမှာ ဒူးတွင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် တယ်တောကျေးရွာရှိ နေအိမ်တစ်အိမ်နှင့် အလယ်တောကျေးရွာရှိ ဖားပုံ ငါးပုံ ဆန်စက်မှာ လက်နက်ကြီး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ဒုတိယနေ့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး ထီးချိုင့်မြို့အတွင်းကို Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့်လည်းကောင်း ပစ်ခတ်ခဲ့ပြီး ထီးချိုင့်မြို့အထွက် မင်းဝံတောင်ခြေရှိ မရသိမ်ရွာနှင့် တောမရွာကို တိုက်လေယာဉ်ဖြင့်လည်းကောင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီးတစ်ယောက် ဒဏ်ရာရခဲ့ကြောင်း ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တောမ ရွာ ဆီစက်ကိုချသွားတယ်။ ဘာမှမဖြစ်ပဲချတာ။ အမျိုးသမီးတစ်ယောက် လက်ကျိူးသွားပါတယ်။ တောမ ဆိုတာ မြို့နဲ့ဘာမှမဆိုင်ပါဘူး ကောလင်းနဲ့ထီးချိုင့်နယ်ကြားတောင်ရိုးခြေရင်းဘက်ပါ မြို့နဲ့ဘာမှမပတ်သက်ပါဘူး”
မြို့အတွင်းဒေသခံများမှာ နိုဝင်ဘာ ၆ ရက်နေ့ကစပြီး တိမ်းရှောင်ကြပြီဖြစ်သော်လည်း အချို့မှာအိမ်စောင့်အဖြစ် ကျန်နေခဲ့ရာမှ မြို့အတွင်း ပိတ်မိနေခဲ့သောကြောင့် ယနေ့နံနက်ပိုင်းတွင် တန့်ကြည်တောင်ဆရာတော်၏ ညှိနှိုင်းမှုဖြင့် ထီးချိုင့်တံတားကို သုံးနာရီကြာဖွင့်လှစ်ပေးခဲ့ပြီး မြို့မှထွက်ခွာခွင့်ပေးခဲ့ကြောင်း သိရသည်။
ကောလင်းမြို့သိမ်းတိုက်ပွဲပြီးနောက် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်၊ ကသာမြို့နယ်များမှ စစ်ကောင်စီလက်အောက်ခံ ရုံးဌာနများမှ ဝန်ထမ်းများမှာ ဝန်ထမ်းအိမ်ယာများမှ ရွှေ့ပြောင်းမှုများ ပြုလုပ်နေပြီး ရဲစခန်းနှင့် စစ်တပ်အထိုင်ချရာနေရာများတွင် ကြိုတင်ကာကွယ်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။