ကော်လင်းမြို့ကို အလုံးစုံထိန်းချုပ်ပြီး ရှမ်းမြောက်က ဗျူဟာစခန်း ၃ ခုကိုသိမ်းပိုက်ကာ ဂုတ်ထိပ်တံတားအထိ ထိုးစစ်ဆင်သည့်နေ
6 November 2023 – Kachinwaves
စစ်ကောင်စီတပ်၏ အရေးကြီးဗျူဟာတပ်စခန်းများဖြစ်သည့် နမ္မတူမြို့နယ် ပန်လုံဗျူဟာတပ်စခန်းနှစ်ခု၊ “တာဂန်ထန်” ဗျူဟာတပ်စခန်းနှင့် နမ့်ခမ်းမြို့ရှိ “နမ့်ခမ်းရဲစခန်း”များ ညီနောင်မဟာမိတ် (၃) ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ကြောင်း ယနေ့ ညနေက သတင်းထုတ်ပြန်ထားသည်။
ပန်လုံ “ကာကင်း” ဗျူဟာစခန်း (၂) ခုနှင့် ပင်မ “ပန်လုံ” ဗျူဟာစခန်းများကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များမှ အဓိကဦးဆောင် ထိုးစစ်ဆင်ခဲ့ကြပြီး စစ်ရေးအရ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရသည့် စခန်းသိမ်းတိုက်ပွဲဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီဘက်က ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များဖြင့် “အကြိမ်ပေါင်းများစွာ ခုခံကာကွယ် တိုက်ခိုက်နေသည့်ကြားမှ မိမိတို့ တပ်ဖွဲ့ဝင်များ၏ ဗျူဟာမြောက် ထိုးစစ်နှင့်အတူ ပေးဆပ်မှုများစွာဖြင့် “ပန်လုံဗျူဟာကုန်း” အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။”ဟု ထုတ်ပြန်ထားသည်။
MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်ရေးဗျူဟာကျသည့် “တာဂန်ထန်” တပ်စခန်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းဖြင့် စစ်ကူရယူခဲ့သော်လည်း ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီခန့်တွင် စခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။
နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတား အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ယနေ့ နံနက်ပိုင်းမှစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို ရွှေညောင်ပင်ကျေးရွာအနီးရှိ တပ်စခန်းကိုလည်း TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထို့အပြင် KIA၊ AA နှင့် PDF ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုမှ စစ်ကိုင်းတိုင်း “ကောလင်းမြို့” ပတ်ဝန်းကျင်နှင့် မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများအား နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။