လုံရှာယာန် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ကိစ္စ ရပ်နားလိုကြောင်း ဒေသခံဦးဆောင်သူက စစ်ကောင်စီတပ်ထံစာပို့
2 November 2023 – Kachinwaves
ပူတာအိုမြို့နယ် လုံရှာယာန် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန်ကိစ္စတွင် ဆက်လက်ပါဝင်လိုခြင်း မရှိကြောင်း ဒေသခံမှ ဦးဆောင်သူက သက်ဆိုင်ရာ စစ်ဗျူဟာရုံးကို စာဖြင့်တင်ပြထားကြောင်း ပူတာအိုဒေသခံတစ်ဦး ပေးပို့သည့် စာအရ သိရှိရသည်။
အဆိုပါတင်ပြစာကို ပူတာအိုအခြေစိုက် ခလရ (၄၆) စစ်ကောင်စီတပ်ရင်းသို့ ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ ရက်စွဲဖြင့် တင်ပြထားသည်ကို တွေ့ရှိရသည်။
“ပူတာအိုမြို့နယ် လုံရှာယာန် ဌာနေပြည်သူ့စစ်ဖွဲ့စည်းရန် ဆောင်ရွက်နေခြင်းအား ရပ်နားရန်ကိစ္စ အကြောင်းကြားခြင်း”ဟု အဆိုပါတင်ပြစာ၏ အကြောင်းအရာ၌ ဖော်ပြထားသည်။
ဒေသခံများလည်း လက်မခံကြောင်း လုံရှာယန်ဒေသခံတစ်ဦးက Kachinwaves ကို ပြောသည်။
စာတင်ထားသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီတပ်၏ အကြောင်းပြန်မှုကိုတော့ မသိရသေးကြောင်း ပြောပါသည်။
“ပြီးခဲ့တဲ့ မေလလောက်က စည်းရုံးမှုတွေ စလုပ်ခဲ့တယ်လို့ သိရတယ်။”ဟု ဒေသခံက ပြောသည်။
စက်တင်ဘာတွင် စစ်ကောင်စီဥက္ကဌက ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်သူ့စစ်ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
ထို့အပြင် လွန်ခဲ့သော ၂၀၂၁ ခုနှစ်ကလည်း KIA ကို တိုက်ခိုက်ရန်ဟုဆိုကာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့မှ ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအို စသည့်မြို့များမှ ပြည်သူများကို လိုက်လံ စည်းရုံးနေသည့် သတင်းများလည်းရှိခဲ့သည်။