စခန်းသိမ်းတိုက်ပွဲများ ဆက်ရှိနေသည့် KIA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲ အခြေအနေ
31 October 2023- Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်း ၂ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်ရင်း (၈) နယ်မြေအတွင်းရှိ မုံးမော်စစ်ကောင်စီတပ်စခန်းနှင့် ကချင်ပြည်နယ် ဝိုင်းမော် – နမ်ဆန်ယန်လမ်းပိုင်းရှိ ဂန်ဒေါင်ယန် စစ်ကောင်စီတပ်စခန်းတို့ကို KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က နှစ်ရက်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအိုင်အို သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုသည်။
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာ ၂၉ ရက်နေ့မှစပြီး တိုက်ခိုက်ခဲ့ရာ ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“တနေ့ကနေတိုက်တာ မနေ့ကညနေပိုင်းမှာ မုံးမောလို့ခေါ်တာပေါ့နော်။ အဲ့ဒီစခန်းတွေကို ဝင်သိမ်းတဲ့ဖြစ်စဉ် ရှိပါတယ်”
ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၆ နာရီတွင် ဝိုင်းမော် – နမ်ဆန်ယန်ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချရာ ဂန်ဒေါင်ယန်စခန်းနှင့် မလိယန်စခန်းများကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ နံနက် ၈ နာရီတွင် ဂန်ဒေါင်ယန်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါသည်။
“သိမ်းပိုက်လိုက်ပြီ။ အခုက နယ်မြေရှင်းလင်းရေး လုပ်နေတယ်။ ကျွန်တော်တို့အဖွဲ့တွေလည်း ပြန်ထိုင်နေတဲ့ အနေအထားဖြစ်ပါတယ်။ လောလောဆယ်ကတော့”
စစ်ကောင်စီတပ်၏ မလိယန်စစ်ဆေးရေးစခန်း တိုက်ခိုက်မှုနောက်ဆက်တွဲ အခြေအနေကို မသိရှိရသေးကြောင်း ဆိုပါသည်။
စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဂန်ဒေါင်ယန်စခန်းအနီး လာရောက်ပစ်ခတ်ခဲ့သည့်အပြင် အောက်တိုဘာ ၂၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည့် အောင်ဂျာစခန်းကိုလည်း ဗုံးကြဲခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တိုက်ပွဲတွင် KIA၊ AA နှင့် အခြားတပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်ကြပြီး တိုက်ပွဲများတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိနိုင်သော်လည်း ၎င်းအနေဖြင့် အတည်ပြုသိရှိထားခြင်း မရှိသေးကြောင်း ပြောပါသည်။
တိုက်ပွဲဖြစ်ပွားသည့် အချိန်မှစပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း၊ ဒေသခံထံမှသိရှိရပြီး ကဂမ်ဘွမ် (ကဂမ်တောင်) စစ်ကောင်စီစခန်းကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီးများ ဂန်ဒေါင်ယန်စခန်းအနီးရှိ ဂျာထာကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ခါရာတောင်စခန်းမှ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ကျေးရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။