PDF တပ်ဖွဲ့များလည်း ၁၀၂၇ စစ်ဆင်ရေးတွင် ပူးတွဲထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ် ဆက်လက် အထိနာကျဆုံးနေ
29 October 2023 – Kachinwaves
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် PDF တပ်ဖွဲ့များလည်း ပူးတွဲထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
BPLA (ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်) သည် မဟာမိတ်တပ်ဖွဲ့နှင့် ပူးတွဲပြီး ယမန်နေ့က တပ်မ (၃၃) လက်အောက်ခံ တပ်ရင်းဖြစ်သည့် စစ်ကိုင်းတိုင်းအခြေစိုက် အင်အား ၇၀ ခန့်ရှိသည့် ခမရ (၁၃)နှင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီစစ်သား ၂၀ ကျော်ကျဆုံးကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် “ရွာထဲအိမ်များတွင် ပြည်သူများကို ဓားစာခံလုပ်ကာ ပုန်းအောင်းနေသော ရန်သူများကို တစ်အိမ်ချင်း ခက်ခဲစွာရှင်းလင်းခဲ့ရပါသည်။”ဟု ဆိုသည်။
ယင်းတိုက်ပွဲကို ညနေ ၅ နာရီတွင် အဆုံးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီစစ်သား အလောင်း ၄၀ ကျော်ရရှိခဲ့သည့်အပြင် ဗိုလ်ကြီးနေလင်းအောင် အပါအဝင် စစ်သုံ့ပန်း (၃) ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါတနေ့တာ တိုက်ပွဲအတွင်း BPLA ရဲဘော် ၄ ဦးကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်းလည်း သိရသည်။
မန္တလေး PDF တပ်ဖွဲ့လည်း တအာင်းတပ်မတော် (TNLA) နှင့် ပူးတွဲတိုက်ပွဲဝင်နေပြီး ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ ကျောက်စံ ကျေးရွာအနီးရှိ စစ်ကောင်စီတပ်အား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၈ ဦးသေဆုံးကြောင်း သိရသည်။
ထို့အပြင် တအာင်းတပ်မတော်နှင့် မိုးကုတ်ဗျူဟာ PDF တို့ ပူးပေါင်းကာ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ ၄၄၊ ခလရ ၁၀၂၊ ၁၀၄၊ လပခ/ ခလရ ၈၈ တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီ စစ်သား အလောင်း (၈) လောင်း တွေ့ရှိကြောင်း သိရသည်။
“နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာပြီး တော်လှန်ရေးထဲတွင် လက်ရှိအချိန်အထိ ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်း အချို့နှင့်လည်း မိမိတို့သည် ဟန်ချက်ညီ စစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။”ဟု တအာင်းတပ်မတော်က သတင်းထုတ်ပြန်ထားသည်။
စစ်ဆင်ရေး တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲနေပြီး နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ယနေ့ အပြီးသတ်တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း သိရသည်။