ရွှေဘိုမြို့နယ် ကျေးရွာနှစ်ခု၌ ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းမိသော ပစ္စည်းများတွင် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်တွေ့ရှိရ
18 October 2023- Kachinwaves
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ယင်းမာရွာအနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း ခံရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း သိရသည်။
အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ရွှေဘိုမြို့မှ ထွက်ခွါလာသည့် အင်အား ၄၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို Black Wolf Army အဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး ခဲ့ကြောင်း Black Wolf Army အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒဏ်ရာရတဲ့သူတွေကို ကားနဲ့ပြန်တင်သွားပါတယ်။ တစ်ယောက်က သေတယ်။ တစ်ယောက်က ဒဏ်ရာ ရလို့ သေတယ်
ဗုံးချတိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့သော်လည်း ထိခိုက်သူများ မရှိကြောင်း ၎င်းကဆိုသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်၊ ထမင်းစားဇလုံ၊ ဘတ်တံဆိပ် ပါဦးထုပ်နှင့် မိုးကာအစိမ်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်နေ့ကလည်း ရွှေဘိုမြို့နယ်၊ ရွှေကျင်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။