အွန်လိုင်းငွေလိမ်ဂိုဏ်း ခေါင်းဆောင်အဖြစ် တရုတ် ဖမ်းဝရမ်းဆုကြေးထုတ်ခံရသူနှစ်ဦး “ဝ” အဖွဲ့၏ အရာရှိများဖြစ်နေ
13 October 2023 – Kachinwaves
မြန်မာနိုင်ငံမှ အွန်လိုင်းငွေလိမ်သည့်လုပ်ငန်းကြိုးကိုင်းသူ ခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးရမိရန် တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးနာန (Ministry of Public Security) က အလိုရှိကြောင်း ယမန်နေ့က ဆုကြေး ငွေထုတ်လိုက်ကြောင်း သိရသည်။
ဆုကြေးငွေထုတ်ခံထားရသူနှစ်ဦးဖြစ်သည့် Chen Yanban (Bao Yanban) နှင့် Xiao Yanquan (HeChuntian) သည် အွန်လိုင်းငွေလိမ်မှု၏ အရေးပါသော ခေါင်းဆောင်များဖြစ်ကြောင်း Zhejiang ပြည်နယ်၊ Hangzhou မြို့နှင့် ယူနန်ပြည်နယ် ကူမင်းမြို့ ပြည်သူ့လုံခြုံရေးဗျူရိုတို့က စုံစမ်းစစ်ဆေးတွေ့ရှိ သည်ဟု Ministry of Public Security of the People’s Republic of China ဝက်(ဘ်)ဆိုဒ်တွင် ထုတ်ပြန် ထားသည်။
အဆိုပါဆုကြေး ဖမ်းဝရမ်းထုတ်ထားခံရသူနှစ်ဦးသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ တပ်မဟာမှူးဟောင်းနှင့် မြို့တော်ဝန်တို့ဖြစ်ကြောင်း RFA နှင့် Irrawaddy အင်္ဂလိပ်ပိုင်း သတင်းစာမျက်နှာ များတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
၎င်းတို့နှစ်ဦးကို ဖမ်းဆီးနိုင်ရေးအတွက် ထိရောက်သော သဲလွန်စများပေးပြီး ဖမ်းဆီးရာတွင် ကူညီပေးသူ များကို တရုတ်ယွမ်ငွေ ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ဆုချီးမြှင့်မည်ဖြစ်ကြောင်း တရုတ်ဘက်က ထုတ်ပြန် ထားသည်။