မြစ်ကြီးနား – နမ်ဆန်ယန်ကျေးရွာကြား ဂျာပူကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်
5 September 2023 – Kachinwaves
ဝိုင်းမော်မြို့နယ် ဂျာပူကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးကြောင်း သိရသည်။
မြစ်ကြီးနား – ဗန်းမော် ကားလမ်းမကြီးပေါ်ရှိ ဂျာပူကျေးရွာအနီးတွင် ယမန်နေ့ နံနက်ကစပြီး တိုက်ပွဲ ဖြစ်ပွါးနေခြင်းဖြစ်ပြီး ယနေ့နံနက်ထိ လက်နက်ကြီးသံများ ကြားနေရသည်ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မနေ့ကတော့ ကြမ်းတယ်တဲ့။ ဒီနေ့က ထိတွေ့တိုက်ပွဲအရမ်းဖြစ်တာမျိုး မဟုတ်ပဲ။ ဟိုဘက်ဒီဘက် လှမ်းပစ်ကြတာမျိူးပဲ ထင်တယ်။ မကြာခဏ ပစ်နေကြတယ်တဲ့။”ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ တတိယအပတ်မှစပြီး စစ်အင်အားအလုံးအရင်းဖြင့် နမ်ဆန်ယန်ကျေးရွာဘက်သို့ စစ်ကောင်စီစစ်ကြောင်း ထပ်မံထိုးလာသည့်အတွက် တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးနေခြင်း ဖြစ်သည်။
နမ်ဆန်ယန်ကျေးရွာတွင် အထိုင်ချနိုင်ရန် စစ်ကောင်စီစစ်ကြောင်းများ ဆက်တိုက်ထိုးနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာမှာ ဖြေကြားထားတာ ဖြစ်ပါသည်။