ဖားကန့် ကသိုဏ်းတောင်ရှိ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းယူ
7 August 2023 – Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက်ပိုင်းတွင် KIA က သွားရောက် တိုက်ခိုက်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
ယနေ့နံနက် ၅ နာရီဝန်းကျင်တွင် KIA က သွားရောက်တိုက်ခိုက်ခဲ့ရာ ၈ နာရီခန့်အချိန်၌ စစ်ကောင်စီ တပ်စခန်းကို သိမ်းနိုင်ခဲ့ကြောင်းသိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မနက်ကတည်းက တိုက်နေတာ အခုတော့ စခန်း သိမ်းနိုင်ပြီလို့ သိရတယ်။ စစ်ကောင်စီကတော့ ဖားကန့် ဗျူဟာကုန်း၊ ဆန်းကြွယ် ဘုရားကုန်း၊ လမောင်ကုန်း ဘက်ကနေ လက်နက်ကြီးတွေ တောက်လျှောက် ပစ်ကူနေတယ်။ အခုထိလည်းပစ်နေတုန်းပဲ အခြေအနေ အသေးစိတ်ကိုတော့ မသိသေးဘူး။”ဟု ဒေသခံက ပြောသည်။ ၎င်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူ များပြားကြောင်းလည်း ပြောသည်။
KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက စခန်းသိမ်းနိုင်ကြောင်း သိရသော်လည်း အသေးစိတ် အချက်အလက်ကို မသိနိုင်သေးေကြာင်း ပြောသည်။ ကသိုဏ်းတောင်တပ်စခန်းသည် ဖားကန့်မြို့ တာမခန်လမ်းတွင်ရှိပြီး နမ့်မှော်ကျေးရွာအနီးရှိ တပ်စခန်းဖြစ်ကာ စစ်ရေးဗျူဟာကျသည့် တပ်စခန်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ယခုလ ဩဂုတ်လ ၃ ရက်နေ့တွင်လည်း မြစ်ကြီးနား – ဗန်းမော်လမ်း ဝိုင်းမော်မြို့နယ် မလိယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့မှစပြီး တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေဆဲ ဖြစ်သည်။