မလိယန်တပ်စခန်းကို KIA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပြန်လည်တိုက်ခိုက်
4 August 2023 – Kachinwaves
တိုက်ပွဲဖြစ်ပွားနေသည့် ဝိုင်းမော်မြို့နယ် မလိယန်ကျေးရွာ၌ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်း ၁၁ နာရီကျော်ခန့်တွင် ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် ၃ ကြိမ် တိုက်ခိုက်သွားကြောင်း ဒေသခံများနှင့် KIA သတင်းရင်းမြစ်ထံမှ သိရသည်။
မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်ရှိ မလိယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က ယမန်နေ့ ဩဂုတ် ၃ ရက်နေ့တွင် သွားရောက်တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယနေ့ လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု မလိယန်ကျေးရွာ ဒေသနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“မနေ့က သူတို့စခန်းကို KIA က သိမ်းလိုက်တာ။ သူတို့ဘက်က အကျအဆုံးလည်း များတယ်။ အဲလိုဖြစ်တော့ ဒီနေ့လေယာဉ်နဲ့ လာပစ်တာပေါ့။ လူတွေထိတာတော့ မရှိတော့။ တိုက်ပွဲကတော့ ပုံမှန်လိုလိုဖြစ်နေတာ ဒီဘက်က။ လေယာဉ်နဲ့ လာပစ်တာကလည်း ဒီနေ့နဲ့ဆိုရင် နှစ်ခါရှိပြီပေါ့။”ဟု ပြောသည်။
မြစ်ကြီးနား – ဗန်းမော်လမ်း ဝိုင်းမော်မြို့နယ် မလိယန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း တစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ရာ ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့သည်။
မြစ်ကြီးနားနှင့် ဗန်းမော်မြို့ဘက်မှ စစ်အင်အား ၁၀၀၀ ကျော်ခန့်ဖြင့် စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာသို့ ထိုးစစ်ဆင်လာသောကြောင့် ဇူလိုင် ၃ ရက်နေ့မှစ၍ ယနေ့အထိ မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်တွင် တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေသည်မှာ ရက်ပေါင်း တစ်လကျော်လာပြီ ဖြစ်သည်။
KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မလိယန်ဘက်တွင် စစ်ကောင်စီတပ်က ယနေ့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုရှိသလို တိုက်ပွဲများလည်း နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဆိုသည်။
“တိုက်ပွဲကတော့ မလိယန်ဘက်မှာလည်း ဖြစ်တယ်။ မဒီးယန်ဘက် (နမ်ဆန်ယန်အနီး) မှာလည်း သူတို့ လှုပ်ရှားမှုတွေရှိနေတော့ တိုက်ပွဲက နေ့စဉ်လိုလို ဖြစ်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလည်း နေ့စဉ်လိုလို ဖြစ်နေတယ်။ ဒီနေ့လည်း လေယာဉ်နဲ့ မလိယန်ကျေးရွာဘက် လာပစ်သွားတယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်ကောင်စီတပ်ဘက်ကလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေဆဲဖြစ်သည့်အတွက် တိုက်ပွဲက ဆက်လက်ပြင်းထန်နိုင်ကြောင်းလည်း ပြောသည်။
နမ်ဆန်ယန်ကျေးရွာတွင်လည်း ဇူလိုင် ၂၂ ရက်နေ့ညနှင့် ၂၇ ရက်နေ့ညများ၌ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။