နာဂဒေသရှိတွင် စနစ်သစ် ဖတ်စာအုပ်များ မရရှိခြင်းနှင့် အထက်တန်းပြ ဆရာဆရာမများ မလုံလောက်မှုကြောင့် ကျောင်းထွက်သည့် ကျောင်းသူ၊ ကျောင်းသားများ ရှိလာ
2 August 2023 – Kachinwaves
နာဂဒေသ လဟယ်မြို့ရှိ အထက်တန်းကျောင်းတွင် စနစ်သစ်ပညာရေးဖြစ်သည့် Grade 11 နှင့် 12 သင်ရိုးညွှန်တမ်း ဖတ်စာအုပ်များ မရရှိသည့်အတွက် ကျောင်းသူ၊သားများ ကျောင်းထွက်ရသည်အထိ ဖြစ်လာရကြောင်း ဒေသခံများက ပြောသည်။
“အိမ်ကသားက ၁၂ တန်းတက်နေတော့ ဖတ်စာအုပ်တွေမရှိတော့ မိတ္တူဆွဲပြီး ကျောင်းတက်နေကြတာလေ။ တချို့ ကလေးတွေ မတတ်နိုင်လို့ ကျောင်းထွက်နေကြတာ ကလေးတစ်ယောက်ဆို မနေ့ည ကျောင်းထွက်တော့မယ်ဆိုပြီး ပြောတော့ ဘာဖြစ်လို့လဲ မေးတော့ စာအုပ်မရှိလို့တဲ့”ဟု လဟယ်မြို့ရှိ ကျောင်းသား မိဘတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း နာဂဒေသတွင် စနစ်သစ်အတွက် ဖတ်စာအုပ်များ မရောက်ရှိခြင်းနှင့် နိုင်ငံရေး အခြေအနေကြောင့် သယ်ယူရန် ခက်ခဲနေသည်ဟု ကျောင်းဆရာတစ်ဦးက ဆိုသည်။
“ပုံနှိပ်စာအုပ်တွေမစုံလို့ စာသင်ရတာလည်း ခက်ခဲတာပေါ့။ ဒါကတော့ နိုင်ငံရေး အခြေအနေရဆိုတော့ စာအုပ်က သယ်လို့မှ မရတာ Bio နှင့် Physics စာအုပ်ပဲရှိတာ၊ ကျန်တာ စာအုပ်မရှိဘူး။ လိုင်းပေါ်က Pdf ဖိုင် ဒေါင်းပြီး ပရင့်ထုတ်ပြီး သင်တယ်။”ဟု ပြောသည်။
ကျောင်းသူ၊သားများအနေဖြင့် ဖတ်စာအုပ်များအား မိတ္တူကူးယူပြီးသင်ကြားနေရ၍ ဖတ်စာအုပ်တစ်အုပ်လျှင် မိတ္တူကူးခ ကျပ် ၄ သောင်းအထိ ပေးနေရကြောင်း ကျောင်းသားမိဘက ဆက်ပြောသည်။
“တစ်အုပ်လုံး မိတ္တူကူးရင် ၄၀,၀၀၀ အထက်ကုန်မယ်တဲ့၊ ခုကလေးတွေက သူများဖုန်းနဲ့ ရိုက်ပြီး ကျက်မှတ်နေ ကြတာလေး Chemistry၊ အင်္ဂလိပ်၊ သင်္ချာ မရှိဘူး လာကိုမလာတာ ဝယ်လို့လည်းမရ စာအုပ်ကိုမရောက်တာ”ဟု ဆိုသည်။
ထို့အပြင် လဟယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာ၊ဆရာမများ လုံလောက်မှု မရှိ၍ အလယ်တန်းပြ ဆရာ၊ဆရာမများက ဝင်ရောက်သင်ကြားနေရသလို ဖတ်စာအုပ်များလည်း လုံလောက်အောင် မရနိုင်သည့်အတွက် ကျောင်းသူ၊သားများ နစ်နာနေရသည်ဟု လဟယ်မြို့မှ ကျောင်းသားမိဘက ဆိုသည်။
“ခုလည်း ဆရာ၊ဆရာမတွေ မလောက်လို့ အလယ်တန်းပြတွေကို ခေါ်ပြီး သင်ခိုင်းနေတယ်လို့ သိထားတယ်။ ကလေးတွေအတွက် ဖတ်စာအုပ်တွေကို ပြည့်စုံအောင် ထုတ်ပေးပါ။ စာအုပ်မရှိတော့ အတန်းကျလာနိုင်တယ်။ အတန်းကျရင် စိတ်လွင့်ပြီး ပျက်စီးသွားနိုင်တယ်။ တနည်းအားဖြင့် စာအုပ်တွေလောက်အောင် မပေးတာလည်း နာဂကလေးတွေကို အညွှန့်ချိုးတာလာလို့ စဉ်းစားမိတယ်။ သက်ဆိုင်ရာ ဌါနဆိုင်ရာအနေနဲ့ ရအောင်လုပ်ပေးစေချင်တယ်။ မိတ္တူဆွဲရတဲ့ စာအုပ်တွေဆိုရင်လည်း ကျောင်းကနေဆွဲပြီး ရောင်းပေးစေချင်တယ်။ အပြင်မတ္တူဆိုင်မှာသွားဆွဲတော့ ငွေကုန်ကျများတယ်။ တချို့ကလေးတွေဆိုရင် အရမ်းခက်ခက်ခဲခဲနဲ့ ပညာသင်နေရတယ်လေး”ဟု ကျောင်းသားမိဘတစ်ဦးက တောင်းဆိုသည်။
လဟယ်မြို့သည် စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဒေသဦးစီး ရုံးစိုက်ရာမြို့ဖြစ်ပြီး အထက်တန်းကျောင်း တစ်ကျောင်းသာရှိပြီး ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ၂၃၉ ဦး ဖြေဆိုခဲ့ရာ ၈၁ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။