ကချင်ပြည်နယ်တွင်လည်း နေအိမ်ချိပ်ပိတ်ခံရမှုများဆက်ရှိနေ
8 July 2022 – Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ လီဆူတိုင်းရင်သားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်၏နေအိမ်ကိုလည်း ယနေ့နံနက်ပိုင်းက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၂(က)ဖြင့် စစ်ကောင်စီက နေအိမ်ချိပ်ပိတ်သွားကြောင်း သတင်းရရှိသည်။
ဦးအားတီယောဟန်သည် NLD အစိုးရ သက်တမ်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ခံရပြီး ၂၀၂၀ ရွှေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြန်ခဲ့သော်လည်း မဲရှုံးခဲ့သူဖြစ်သည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဖမ်းဆီးခံရသည့် ဆန္ဒပြလူငယ်များ၏ အမှုများကို အခမဲ့လိုက်ပါဆောင်ရွက်ခဲ့သူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိတရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းသိန်း၏ နေအိမ်ကိုလည်း စစ်ကောင်စီက ယနေ့နံနက်ကပဲ နေအိမ်ချိတ်ပိတ်ခဲ့သည်။
ဦးတင်ထွန်းသိန်းသည် ၂၀၂၁ ခုနှစ်ကလည်း စစ်ကောင်စီ၏ဖမ်းဆီးခြင်း တစ်ကြိမ်ခံခဲ့ရပြီး မြို့မိမြို့ဖများ၏ ညှိနှိုင်းပေးမှုကြောင့် ပြန်လည်လွှတ်မြောက်လာပြီးနောက် စစ်ကောင်စီဘက်ကလည်း ပြန်လည်းဖမ်းဆီးရန် ပြင်ဆင်လာသည့်အတွက် ရှောင်တိမ်းနေချိန် ယခုလို နေအိမ် ချိပ်ပိတ်ခံရသူ ဖြစ်သည်။
ရှေ့နေဦးတင်ထွန်းသိန်းသည် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များတွင်လည်း ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။
ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ် NLD ပါတီဉက္ကဌ ဒေါ်ခင်မကြီး၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။
ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်များ၊ ရှေ့နေများ၊ NUG အစိုးရအဖွဲ့ဝင်များနှင့် NLD ပါတီ တာဝန်ရှိသူများ၏ နေအိမ်(၉)အိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီဖြစ်ကြောင်း စုံစမ်း သိရှိရသည်။