ဘီးလင်းမြို့နယ် စစ်ရေးတင်းမာနေပြီး စစ်ဘေးဒုက္ခသည် ၇၀၀၀နီးပါး အခက်အခဲဖြစ်နေ
26 April 2022-Kachinwaves
ကေအဲန်ယူ-သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း KNDO/ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ ဧပြီလ ၂၃ရက်နေ့မှစပြီး စစ်ရေးတင်းမာမှုများရှိလာခဲ့ပြီးနေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ (၇၀၀၀) နီးပါးရှိလာ၍ အခက်အခဲဖြစ်နေကြောင်း KNU မှ သတင်းထုတ်ပြန်ထားသည်။
ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးနယ်၊ မြစ်ကျိုးကျေးနယ်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်သည့်အတွက် ကျေးရွာပေါင်း (၉)ရွာတို့မှ လူဦးရေ (၇၀၀၀)နီးပါး နေရပ်စွန့်ခွာ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆန်၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ လိုအပ်လျှက်ရှိကြောင်း ဖော်ပြထားသည်။
ဧပြီလ (၂၃) ရက်နေ့ညတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါဇံကြီးကျေးရွာမှ (၁၄) နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် (၆၆) နှစ်အရွယ် အဘွားအိုတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၅)လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ဧပြီလ(၂၄) ရက်နေ့ညတွင်လည်း လေးကေကျေးရွာ စစ်ကောင်စီ-BGF ပူးပေါင်းစခန်းမှ လက်နက်ကြီး(၆၀မမ)များဖြင့် ပစ်ခတ်ခဲ့သဖြင့် လေးကေကျေးရွာရှိ လူနေအိမ် (၃)လုံးလက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများဖြစ်သည့် လေးကေနှင့် ဝင်းတာပန် စစ်ကောင်စီ-BGF ပူးပေါင်းတပ်စခန်း (၂)ခုကို ဧပြီလ (၂၃)ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားရန် KNDO တပ်ရင်း (၂) ဌာနချုပ်မှ ကြေညာချက်ထုက်ပြန်ထားသော်လည်း စစ်ကောင်စီ တပ်များမှ လိုက်နာလုပ်ဆောင်ခြင်းမရှိသည့်အတွက် စစ်ရေးတင်းမာသည့် အခြေအနေများရှိလာခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်