ဝန်းသိုမြို့နယ်က ကျေးရွာ ၉ ရွာမီးရှို့ဖျက်ဆီးခံရ၊ ပြည်သူ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေ
25 April 2022-Kachinwaves
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်ရှိရွာ ၉ရွာကို စစ်ကောင်စီတပ်က ဧပြီလ ၂၄ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပေါင်း ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း Wuntho Revolution-WR မှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ရွာ ၉ရွာများမှ စိန်လည်၊ သပြေသာ၊ အောင်ကုန်းနှင့် ရှမ်းစုရွာတို့သည် တစ်ရွာလုံးနီးပါး ပြာကျသွားကြောင်း ဖော်ပြထားသည်။
ဧပြီလ ၂၃ရက်နေ့တွင် ဝန်းသိုမြို့နယ် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
သပြေသာကျေးရွာတွင်သီတင်းသုံးတော်မူနေသည့် သံဃာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်သတ်ခဲ့ပြီး ဒေသခံပြည်သူနှစ်ဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားကြောင်း ရေးသားထားသည်။
ဝန်းသိုမြို့နယ်တွင် စစ်ရှောင်ရွာပေါင်း ၄၀ကျော်နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ၂သောင်း ၅ထောင်နီးပါး ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။