လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေ တိုက်ခိုက်
4 April 2022-Kachinwaves
ဖားကန့်မြို့နယ် ဒွမ်ဘန်မှ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို လီဒိုလမ်းလဝါးကျေးရွာအနီး၌ ကေအိုင်အေတပ်က ယနေ့တစ်နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သားများ အထိအခိုက်ရှိကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိကြောင်း သိရသော်လည်း အတိအကျမသိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး လက်နက်ငယ်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
၎င်းစစ်ကောင်စီတပ် စစ်အင်အား ၈၀ခန့်ရှိသည့် စစ်ကြောင်းသည် ဒွမ်ဘန်မှ လိုင်ဇာနယ်မြေ ကေအိုင်ကေ တပ်မဟာ (၅)နယ်မြေဘက်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်များနှင့် တပ်ချိန်းရန် ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၂၄ရက်နေ့တွင် တနိုင်းမြို့သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို အောင်ရာကျေးရွာအနီးတွင် ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။