ကိုသန့်ဇော်ကျဆုံးခြင်း တစ်နှစ်ပြည့် သပိတ်ပြုလုပ်တဲ့ဖားကန့်ပြည်သူများ
27 March 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့မှ ပြည်သူ ၅၀၀ ခန့် ယနေ့နံနက်က အေးမြသာယာ သပိတ်စစ်ကြောင်းတွင် ကျဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် ကိုသန့်ဇော် (ခ) ပြားကြီး ကျဆုံးခြင်း ၁နှစ် ပြည့်ဝမ်းနည်းခြင်း သပိတ် နှင့် KIA၊ PDF၊ NUG ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြ ပြည်သူများက ကိုသန့်ဇော်ကို အလေးပြုခဲ့ကြပြီး ကိုသန့်ဇော်နှင့်တကွ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သည့်သူရဲကောင်းများ အားလုံး ကောင်းရာသုဂတိ လားပါစေဟု ဆုတောင်းပေးခဲ့ကြသည်။
အသက် ၁၉ နှစ်အရွယ် ကိုသန့်ဇော် (ခ) ပြားကြီးမှာ ၂၀၂၁ မတ် လ ၂၇ ရက်နေ့ ဖားကန့် အေးမြသာယာ သပိတ် စစ်ကြောင်းတွင် စစ်ကောင်စီ အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်း ကျည်ထိမှန်ကာ ကျဆုံးခဲ့ရခြင်းဖြစ်သည်။
ဖားကန့်မြို့ လူထုသပိတ် အတွင်း ပြည်သူ ၃ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကာ ၅၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။
ဖားကန့်မြို့တွင် စစ်ကောင်စီတပ်မှ အင်တာနက် ဖြတ်တောက်ထားသည်မှာ ၇လကျော်ပြီဖြစ်သည်။