မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်
15 March 2022 – Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး ယနေ့နံနက် ၄နာရီခွဲခန့်တွင် မိုင်းခွဲခံရပြီး မီးလောင်သွားကြောင်း သိရသည်။ လယ်ကုန်းအုပ်ချုပ်ရေးမှူးရုံးတွင် မိုင်းနှစ်ချက်ပေါက်ကွဲခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်ပြည်သူတစ်ဦးက ပြောသည်။
“မိုင်းနှစ်လုံးကွဲပြီး အသံကြားတာနဲ့ ထကြည့်လိုက်တာ ကွဲပြီးတာနဲ့ မီးထလောင်တာ မီးသတ်ကား လေးစီးငါးစီးလောက် ရောက်လာတယ်။ မီးသတ်ကားလည်း မနိုင်ဘူး၊ အကုန်လုံးပြာကျသွားတာ”ဟု ရပ်ကွက်ပြည်သူတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရခြင်း အုပ်ချုပ်ရေးရုံးများ မီးလောင်ဖျက်ဆီးခံရခြင်းများ ရှိနေသည်။