ဆွမ်ပရာဘွမ်မြို့က အသက်မပြည့်သေးသည့် ဆယ်ကျော်သက် ကလေးများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများလာ
11 March 2022 – Kachinwaves
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုများပြားနေပြီး သုံးစွဲသူများတွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်ကလေးများလည်း ပါဝင်နေကြောင်း သိရသည်။
အသက် ၁၈နှစ် မပြည့်သေးသည့်ကလေးများ၊ လူငယ်များသာမက အများပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု အခြေအနေ ဆိုးရွားနေပြီး နိုင်ငံရေးအခြေအနေကြောင့် ၎င်းတို့ကို အရေးယူနိုင်ခြင်းလည်း မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အသက် ၁၅၊ ၁၆၊ ၁၇ တွေပါတယ်။ အခုအချိန်က နိုင်ငံရေးကြောင့် ဘာမှလုပ်လို့မရဘူး။ ရွာကလည်း Pat Jasan (လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့)တွေလည်း ဘာမှလှုပ်ရှားလို့မရဘူး”ဟုဒေသခံတစ်ဦးက ပြောသည်။
ဆွမ်ပရာဘွမ် မြို့တွင် မူးယစ်ဆေးဝါးရောင်းသူနှစ်ဦးကို ပြီးခဲ့သည့်ရက်က ကေအိုင်အေမှ ဖမ်းဆီးအရေးယူခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း မြစ်ကြီးနားမြို့မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူတစ်ဦးကို ဆွမ်ပရာဘွမ်မြို့သို့ မရောက်သေးမီ ထင်ဘိုင်ကျေးရွာ၌ ကေအိုင်အေမှ ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဆွမ်ပရာဘွမ် မြို့ အထက်တန်းကျောင်း ဖွင့်ထားသော်လည်း ကျောင်းတက်သူနည်းပြီး ကျောင်းထွက်သူပိုမိုများကြောင်းနှင့် လက်ရှိ ကျောင်းသားဦးရေ ၁၀၀ ကျော်ခန့်သာတက်ရောက်နေကြောင်း သိရသည်။