မိုးကောင်းမှာ စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေနှင့် PDF တွေ မိုင်းဆွဲတိုက်ခိုက်
9 March 2022-Kachinwaves
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တောင်နီမင်းကုန်းအနီးတွင် တစ်ကြိမ်၊ မိုးကောင်း ၂ မိုင်တွင် တစ်ကြိမ်၊ ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်တို့ မတ်လ ၈ရက်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ အထိအခိုက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်သို့ ဝင်လာသည့် စစ်ကောင်စီကား အစီး ၂၀ကျော်ခန့်ဖြင့် တက်လာသော ယာဉ်တန်းစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူတို့ ယာဉ်တန်းကို မိုင်းခွဲတာတော်တော်ထိတယ်လို့ကြားတယ်။ ကားအကြီးတွေရဲ့ မှန်တွေလည်း ကွဲနေတယ်။ စက်သုံး ဆီတွေလည်း ဖိတ်ကျနေတာကို ကြည့်ရင် တော်တော်လေးထိသွားတယ်လို့ မြင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဘက်မှ တက်လာစဥ် အစီးရေ ၂၀ ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းကလမ်းမှာ အကြိမ်ကြိမ် တိုက်ခိုက်ခံရသလို မတ် ၈ ရက်နေ့ညကလည်း မိုးကောင်းမှာ တိုက်ခိုက်ခံရပြီးနောက် ကား ၁၂ စီးခန့်သာ မြစ်ကြီးနားဘက်သို့ မမောင်းတက်သွားသည်ကို တွေ့ရကြောင်းလည်း မိုးကောင်းဒေသခံတစ်ဦးက ဆိုသည်။
တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး မြို့မှ စစ်ကောင်စီတပ်များ စစ်ကူအနေဖြင့် ကားအများအပြားရောက်လာသည့်အတွက် အနီးရှိ ဒေသခံပြည်သူများမှ နေအိမ်တွင်မနေဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
မတ်လ ၇ရက်နေ့တွင်လည်း ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် နန်းမားကြားတွင် တက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PDFတပ်ဖွဲ့ဝင် ၇ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ပုံဟောင်းအသုံးပြုထားပါတယ်။