တရွာလုံးမီးလောင်သွားသည့် ခါကာဘိုရာဇီ တောင်ခြေက ထာလာထုကျေးရွာပြည်သူများ အကူအညီလိုအပ်နေ
9 March 2022-Kachinwaves
ကချင်ပြည်နယ် နောင်မွန်မြို့နယ်က ခါကာဘိုရာဇီတောင်ခြေတွင်တည်ရှိသည့် ထာလာထုကျေးရွာ တစ်ရွာလုံးမီးလောင်သွားသည့်အတွက် ဒေသခံပြည်သူများ အကူအညီလိုအပ်နေကြောင်း ၎င်းဒေသသို့ သွားရောက်ကူညီနေသူဖြစ်သည့် ကိုဆန်လုရမ်ဆိန်းက ဆိုသည်။
“ရှိသမျှအကုန်လုံးလောင်သွားတယ်။ စပါးကျီတို့ စားစရာအကုန်လုံးပါသွားတယ်။ ခန္ဓာကိုယ်ပဲ လွတ်မြောက်တာထင်တယ်။ ဘာတွေစားပြီး ဘယ်လိုနေလဲတော့မသိရဘူး၊ အခက်အခဲတော့အများကြီးရှိနိုင်တယ်။ အိုးခွက်ပန်းကန်တို့ စားသောက်ဖို့တို့ ယာယီတဲဆောက်ဖို့ မိုးကာတွေ လိုမယ်”ဟု ပြောသည်။
ထာလာထုကျေးရွာသည် ပူတာအိုမှ မိုင်တစ်ရာကျော်ဝေးသည့်ဒေသဖြစ်ပြီး ကား၊ ဆိုင်ကယ်လမ်းမပေါက်သည့် ဒေသခံဖြစ်သည်။
ပူတာအိုမြို့မှ ပန်နန်းဒင်ထိအထိကားလမ်းပေါက်ပြီး ပန်နန်းဒင်မှ ဆိုင်ကယ်ဖြင့် တစ်ရက်ထပ်သွားရကာ ဆိုင်ကယ်လမ်းဆုံးမှ နောက်ထပ် ၆ ရက်ခြေလျှင်လျှောက်ပြီး သွားရသည့် ကျေးရွာဖြစ်သည်။
၂၀၂၂ မတ်လ ၄ရက်နေ့တွင် ထာလာထုကျေးရွာရှိ နေအိမ်များအားလုံး မီးလောင်ခဲ့ရပြီး ရွာလူနေအိမ်နှင့် ဝေရာမှာ ဆောက်ထားသော စာသင်ကျောင်းတစ်ကျောင်းသာ မီးထဲမပါသွားကြောင်း သိရသည်။
“ရွာက နေရာကျဉ်းတဲ့အတွက် ကပ်ကပ်ရက်ရက်မှာ ဆောက်ထားတယ်။ ဝါးအိမ်တို့ သစ်လုံးအိမ်တို့ သက်ကယ်ရွက်နဲ့မိုးထားတယ်။ မီးလောင်ရင် တစ်ရွာလုံး ပြာကျနိုင်တဲ့ အနေအထားပေါ့။ အခုတကယ်ပဲ တစ်ရွာလုံးပြာကျသွားတာပေါ့”ဟု ၎င်းက ပြောသည်။
ထာလာထုကျေးရွာသည် အိမ်ခြေ ၁၁ အိမ်ရှိပြီး လူဦးရေ ၇၀ ကျော်ရှိကြောင်းနှင့် လူအရောက်အပေါက်နည်းပြီး ဖုန်းလိုင်းများလည်း ဆက်သွယ်၍ မရနိုင်သည့်ရွာဖြစ်ကြောင်း သိရသည်။
Photo: Sanlu Ram Seng