ပူတာအိုမြို့နယ် ရှိန်ဂတ်ဘွမ်က စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနှင့် PDF တွေ သွားရောက် တိုက်ခိုက်နေ
20 February 2022-Kachinwaves
ပူတာမြို့နယ် ဆွမ်ပီယာန် ကျေးရွာအထက် အင်စီယာန် ကျေးရွာအနီးရှိ ရှိန်ဂတ်ဘွမ်က စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနှင့် PDF တို့ ယနေ့ ၅နာရီမှစတင်ပြီး သွားရောက်တိုက်နေပြီး တိုက်ပွဲပြင်းထန် နေကြောင်း သတင်းရရှိသည်။
“လက်နက်ကြီးတွေနဲ့ပါသွားပစ်နေကြတယ်။ တိုက်ပွဲတော်တော်ပြင်းထန်နေတယ်။ လက်နက်ကြီးသံတွေ လုံရှာယာန်ကပါကြားနေရတယ်။”ဟု ဒေသခံတစ်ဦးကဆိုသည်။
ရှိန်ဂတ်ဘွမ်ရှိ စစ်ကောင်စီ တပ်သားများနှင့် ကေအိုင်အေ PDF တို့ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၈ နှင့် ၁၉ ရက်နေ့များတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ဆိုလျှင် တိုက်ပွဲရက်ဆက်ဖြစ်နေသည်မှာ ၃ ရက်ရှိနေပြီဖြစ်သည်။
ရှိန်ဂတ်ဘွမ် တပ်စခန်းအနီးရှိ အင်စီယာန်ကျေးရွာက ပြည်သူ ၂၀၀ ကျော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက တောထဲမှာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပူတာအိုမြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူ ၆၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။