မိုးမောက်မှာ တိုက်ပွဲဖြစ်ပွားလို့ ပြည်သူများ ထွက်ပြေးနေရ
17 February 2022-Kachinwaves
ကချင်ပြည်နယ် မိုးမောက်မြို့ရှိ ဝဝမ်ကျေးရွာနှင့် ခါနန်ရပ်ကွက် ကြားတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်တို့ ယနေ့ မွန်းတည့် ၁၂နာရီခန့်မှ ၁နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ရှောင်စခန်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယခုအချိန် နှစ်ဖက် စောင့်ကြည့်နေသည့် အနေအထားဖြစ်ပြီး ခါနန်စစ်ရှောင်ဒုက္ခသည်စခန်းမှ ပြည်သူ( ၁၀၀ )ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီမှာက စစ်ရှောင်ကနေ စစ်ပြေးနေရတဲ့သူတွေလည်း ရှိနေတယ်။ စစ်ရှောင်စခန်းလည်း ရွှေ့ရမယ့်အနေအထားလည်းရှိနေတယ်။ အသက်ကြီးပိုင်းတွေကိုတော့ ရွှေ့ထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့သည့်အတွက် ဝဝမ်ကျေးရွာမှ နေအိမ်သုံးလုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့ ခါနန်ရပ်ကွက် တွင် ကေအိုင်အေ တပ်စွဲထားသည့်နေရာဖြစ်ပြီး စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်း ကေအိုင်အေတပ်များရှိရာသို့ စစ်ကြောင်းထိုးလျှက်ရှိသည်။