တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်နှင့် လက်ခုတ်တီးသပိတ်တွင် တစ်နည်းနည်းဖြင့် ပါဝင်လျှင် အကြမ်းဖက်မှုဥပဒေအရ အရေးယူခံရနိုင်ကြောင်း ရွှေကူမြို့တွင် စစ်ကောင်စီစည်ပင်အဖွဲ့ ဖြန့်ဝေနေ
29 January 2022 -Kachinwaves
Silent Strike တွင်ပါဝင်လျှင် အကြမ်းဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခံနိုင်သည်ဟု ရွှေကူမြို့နယ် စစ်ကောင်စီ၏ စည်ပင်သာယာရေးအဖွဲ့က ဈေးဆိုင်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြည်သူများအနေဖြင့် “မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ၊ လိုက်ပါဆောင်ရွက်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို တဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်”ဟု ရေးသားထားသည့်
စာရွက်ကို စစ်ကောင်စီစည်ပင်အဖွဲ့က လိုက်လံဖြန့်ဝေနေကြောင်း သိရသည်။
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေတွင် “ပြည်တော်ဝင်ဖို့ ရုန်းကြစို့၊ အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွဲ၊ လုံးဝအုပ်ချုပ်ခွင့် မရစေရ” စသည့် ကြွေးကြော်သံဆောင်ပုဒ်များဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကို (နံနက် ၁၀ နာရီမှ ညနေ ၄နာရီထိ) ပြုလုပ်ပြီး၊ လက်ခုတ်တီးသပိတ် (အသံထွက်သပိတ်)ကို ညနေ ၄နာရီမှာ ပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုအဖွဲ့များမှ တိုက်တွန်းနှိုးဆော်ထားပါသည်။