KIA နှင့် စစ်ကောင်စီတပ်တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ပွားခဲ့သည်ဟုဆို
27 January 2022 – Kachinwaves
စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်အတွင်း ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း ၄၀၀ကျော်ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အို ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ဧပြီလမှ စပြီး ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
တိုက်ပွဲကာလကြာရှည်ပြီး ယင်းအကြပ်အတည်းအား အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံသည် အလုံးစုံပျက်သုဉ်းရေးသို့ ရောက်ရှိသွားနိုင်သည့်အတွက် ဖြေရှင်းနိုင်ရန် တရားမျှတမှုကို အခြေခံပြီး ပြည်သူ့သဘောထားကို အလေးထားပေးစေကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့်အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ၂၆ရက်နေ့တွင် ကေအိုင်အို ဗဟိုကော်မတီမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင်ပါရှိသည်။