ပရဒတ် ကျေးရွာတွင် NLD ပါတီဝင် ၁ ဦး သတ်ဖြတ်ခံရ
27 January 2022-Kachinwaves
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ၊ ပရဒတ်ကျေးရွာတွင် ဇန်နဝါရီ ၂၇ ရက်နေ့နံနက် ၈ နာရီဝန်းကျင်ခန့်အချိန်၌ NLD ပါတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ဝင်း(ခ)ဦးဖပလက် သတ်ဖြတ်ခံရကြောင်း ဒေသခံများက ဆိုသည်။
ဦးကျော်ဝင်း(ခ) ဦးဖပလက် သည် ၎င်း၏ဥယျာဉ်ခြံတွင် သစ်ပင်များရေလောင်းနေစဉ် ပျူစောထီးအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကာ အနီးအနားရှိတောတွင်း တနေရာ၌ ပစ်သတ်သွားသည်ဟု ဒေသခံများကဆိုပါသည်။
ဦးကျော်ဝင်း (ခ)ဦးဖပလက် သည် ရွာထဲတွင်အနေအေးဆေးသူဖြစ်ပြီး NLD ပါတီဝင်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများကဆိုပါသည်။
ဇန်နဝါရီ တစ်ရက်နေ့တွင်လည်း ၎င်းဥယျာဉ်တွင်ရှိသော ဆိုင်ကယ်တစီးနှင့် ဖုန်းတစ်လုံးကို ပျူစောထီးအဖွဲ့မှ သိမ်းယူသွားခဲ့ကြောင်းဆိုပါသည်။
ဦးကျော်ဝင်းတွင် မိသားစုဝင် (၅) ဦးရှိပီး အငယ်ဆုံးသားမှာ လသားအရွယ်၊ ၁၃ နှစ်အရွယ် သမီး၊ ၉ နှစ်အရွယ်သားနှင့် ဇနီးတို့ ကျန်ရစ်ခဲ့ပါသည်။
ဦးကျော်ဝင်းသည် ဥယျာဉ်ခြံစိုက်ပြီး အသက်မွေးဝမ်းကြောင်းပြုသူဖြစ်ကာ ခါးနာသည့် ဝေဒနာခံစားနေရသူဖြစ်ကြောင်းဒေသခံများက ဆိုသည်။
ဇန်နဝါရီ ၂၇ ရက်နေ့လယ်ပိုင်းတွင် အလောင်းအား ရေဖြူဆေးရုံသို့သယ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရပါသည်။