လွိုင်ကော်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီကပစ်သည့် လက်နက်ကြီးကြောင့် ပြည်သူများသေဆုံး
7 January 2022-Kachinwaves
ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း KNDF၊ KGZ၊ Loikaw PDF တို့နှင့် စစ်ကောင်စီတပ်တို့ ဇန်နီဝါရီလ ၆ရက်နေ့နံနက်မှစပြီး ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိလာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လွိုင်ကော်မြို့ ပန်ကန်း၊ မိုင်းလုံး၊ ရွာတန်းရှည် နှင့် ဒေါဆန်းဘွမ်ရပ်ကွက် စသည့် လူနေရပ်ကွက်များအတွင်းသို့ စစ်ကောင်စီတပ်များက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ သေဆုံးနေသည့် အလောင်းများကို မကောက်ယူနိုင်သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“PDF တွေဖက်က ငြိမ်သွားလဲ စကစက လက်နက်ကြီးနဲ့ လူနေရပ်ကွက်တွေထဲ ပစ်နေဆဲပဲ ပြည်သူတွေထိထားပြီးတစ်ချို့လမ်းပေါ်မှာ သေနေတဲ့ ပြည်သူအလောင်းတွေ မကောက်နိုင်သေးဘူး”ဟု ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသည့် အချို့ပြည်သူများကို နီးစပ်ရာမြို့တွင်းဆေးရုံများနှင့် အခြားနယ်ဆေးရုံများတွင် ပို့ထားကြောင်း နှင့် နေအိမ်တွင် ပိတ်မိနေသေးသည့် ပြည်သူများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ကျွန်တော်တို့ ဘေးနားတင် ထိတဲ့ တစ်ယောက်က ခြေထောက် ပြတ်ခါနီးပဲ သွေးလွန်နေတယ်။ တစ်ချို့ပြည်သူတွေကတော့ အိမ်ထဲမှာ ပိတ်မိနေတယ် အပြင်မထွက်ရဲ ကြဘူးငိုသံတွေကြားရတယ်”ဟု ပြောသည်။
ကယားပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။
သေဆုံးသည့် ပြည်သူဦးရေ မသိနိုင်သေးကြောင်းလည်း ဆိုသည်။
Photo: Kayan Region Leftist Youths