ရှမ်းမြောက်နမ့်ခမ်းမှာ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦးဒဏ်ရာရ
5 January 2022 – Kachinwaves
ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က နေအိမ်တစ်အိမ်၌ စစ်ကောင်စီတပ်ပစ်လိုက်သည့် လက်နက်ကြီး ကျရောက်ခဲ့သည့်အတွက် ပြည်သူ ၆ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
တအောင်းတပ်(TNLA)များက မြို့ထဲကားဖြင့်သွားနေစဉ် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီကစခန်းကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ပြည်သူများ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ ထိခိုက်ဒဏ်ရာရခဲ့သည့် ပြည်သူ ၆ဦးတွင် အသက် ၆၀ခန့်အရွယ် အမျိုးသမီးနှစ်ဦး၊ အသက် ၃၀ကျော်အရွယ်အမျိုးသားတစ်ဦး၊ အသက် ၄နှစ်အရွယ် ကလေးနှစ်ဦးနှင့် အသက်တစ်နှစ်နှင့် လေးလအရွယ်ကလေးငယ်တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
ပြည်သူများဒဏ်ရာရပြီးနောက် တအောင်းတပ်(TNLA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက် ၉နာရီခန့်မှ မွန်းလွဲ ၂နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများရှိသည်ဟု ဒေသခံများက ဆိုသည်။
“အခုက ငြိမ်သွားပြီ သူတို့ ဘကက အထိနာတာတွေရှိလို့ အလောင်းတွေသယ်နေကြတယ်။ ဘယ်သူ့ကိုမှလည်း မထွက်ခိုင်းဘူး။ လမ်းတွေမှာလည်း မဖြတ်ခိုင်းကြဘူး။”လို့ ဒေသခံတစ်ဦးက ပြောသည်။
ဇန်နဝါရီ ၄ရက်နေ့ကလည်း နမ့်ခမ်းမြို့ကို အခွန်လာကောက်သည့် TNLA စစ်သားနှစ်ဦး ပစ်သတ်ခံခဲ့ရသည်။
ရှမ်းမြောက်မှာ စစ်ကောင်စီတပ်နှင့် MNDAA၊ KIA တို့လည်း တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။