ငှက်ပျောနှင့်ကျွဲနွားပြဿနာ သိန်း ၅၀ဖြင့် သဘောတူညီမှုရ
ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာအနီးရှိ ဌက်ပျောခြံဧရိယာအတွင်း သတ်ဖြတ်ခံရသော ကျွဲနွားများအတွက်လျော်ကြေး ကျပ်သိန်း ၅၀ဖြင့် သဘောတူညီမှုရရှိကြောင်း တောင်သူတစ်ဦးကဆိုသည်။
“သူတို့ သိန်း(၅၀)လျော်မယ်လို့ပြောနေတာ အဲ့လိုလက်ခံထားတာ အကုန်လုံးအတွက် သေဆုံးသွားတာတွေရော ဒဏ်ရာရထားတာတွေ အကုန်လုံးပါတယ်။ အဲ့ဒါပြန်ခွဲယူရမှာ သူတို့ကိုတောင်းဆိုတာက သေဆုံးသွားတဲ့တစ်ကောင်ကို ၁၅သိန်းတောင်းတာ ဒဏ်ရာကို ၅သိန်းတောင်းတာ အဲ့ဒါ သူတို့လည်း အဲ့လောက်မတတ်နိုင်ဘူးတဲ့၊ အဲ့ဒါနဲ့ သူတို့ လက်ခံတာက သိန်း(၅၀)လက်ခံသွားတာ”ဟု တောင်သူ ဦးဒီလန်က ပြောသည်။
ဒေသခံများ၏ ကျွဲနွား အကောင်ရေ ၃၀ကျော်ပြောက်ဆုံးနေပြီး ခုတ်ခံထားရသည့်နွားများလည်းရှိနေကြောင်း ဒေသခံများက ပြောသည်။ နောက်ပိုင်းတွင် ဒေသခံများအတွက် ကျွဲနွား သတ်ဖြတ်ခံရမှုများ မဖြစ်စေရန် ၎င်းတို့လည်း ဝိုင်းဝန်းကြည့်ရှုသွားမည်ဖြစ်သည်ဟု ကချင်စတားကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်သူ ကိုအဒေါင်က ပြောသည်။
“ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သလောက် ကြည့်ပေးမှာပေါ့ကွာ။ အခုအဲ့ဒီ ဒေသခံတွေအတွက် နွားခုတ်တာတွေမဖြစ်အောင် ကျွန်တော်တို့ကလည်း ဝိုင်းဝန်းပြီး ကြည့်ရှုသွားပေးမှာပေါ့။ အခုတလောဖြစ်သွားတဲ့ ဒေသခံတွေ အဲ့ဒီလိုအခက်အခဲဖြစ်ရင် ကျွန်တော်ကုမ္ပဏီကနေပြီးတော့ ကူညီတယ်။ ကူညီဖို့အစီအစဉ်လည်းရှိတယ်။”ဟု ကိုအဒေါင်က ပြောသည်။
နောင်ချိန်းကျေးရွာမှ ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် နေထိုင်သူများ၏ နွားများကို နှစ်နှင့်ချီလာလွတ်ထားပြီး လာရောက်ကြည့်ရှုခြင်းမရှိ၍ ကျွဲနွားပြဿနာဖြစ်လျှင် ပိုင်ရှင်စုံစမ်းရန် ခက်ခဲကြောင်းလည်း ဆိုပါသည်။