ပိုးတွေ့လူနာနှင့်ဆက်စပ်သူ ကလေး အယောက်(၄၀)ကိုလည်း ဆေးစစ်ချက်ယူသွားမည်
ပလန St. Joseph IDP စခန်းမှ Covid-19 ပိုးတွေ့လူနာ စစ်ဘေးဒုက္ခသည်နှင့်ဆက်စပ်သည့် ကလေးအယောက် ၄၀ထိရှိပြီး ၎င်းတို့ကိုလည်း ဆေးစစ်ချက်ယူသွားမည်ဖြစ်ကြောင်း ပလန အုပ်ချုပ်ရေးမှူးဦးသက်နိုင် ကဆိုသည်။
ပိုးတွေ့လူနာသည် အသက် (၁၅)နှစ်ရှိသည့် လူငယ်ဖြစ်ပြီး ၎င်း၏မိသားစုဝင် ၄ဦးကိုလည်း quarantine စင်တာသို့ပို့ဆောင်ထားပြီဖြစ်ပြီး ပိုးရှိ မရှိလည်း ဆေးစစ်သွားမည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ဒုက္ခသည်စခန်းအား lockdown ချထားကြောင်းလည်း ဆိုသည်။
စစ်ဘေးဒုက္ခသည်များက ကျန်းမာရေး အခြေအနေ ဆိုးလာမည်နှင့် lockdown ကာလကြာလျှင် အစားအသောက်ခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။
“အခန်းကျဉ်းထဲမှာ လူအများကြီးနေတော့ စိုးရိမ်နေတယ်။ ကလေးတွေက ဆော့မယ့်နေရာမရှိတော့ ရှိတဲ့နေရာမှာ အကုန်စုပြီးဆော့ကြတယ်။ တံခါးလည်းသော့ခတ်ထားတော့ ဒီအထဲမှာဘာမှမရှိဘူး။ အစားအသောက်လည်း ပြဿနာဖြစ်လာမည်ထင်တယ်။ ရေလည်းခက်ခဲတော့ သန့်ရှင်းရေးတွေလုပ်ဖို့လည်းခက်တယ်။”ဟု ပလန စစ်ဘေးဒုက္ခသည်စခန်းတွင် နေထိုင်သူ ဦးဂွမ်ဂျာကဆိုသည်။
Lockdown ၁၄ ရက်လုပ်ပြီး စောင့်ကြည့်မည်ဖြစ်ပြီး အစားအသောက်ခက်ခဲမှုများအတွက် ထောက်ပံ့မှုများလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကဆိုသည်။
အဆိုပါပိုးတွေ့လူနာသည် အင်ဂျန်ယန်ဘက်နှင့် မြစ်ကြီးနား တစ်ဝိုက်တွင်သာ နေထိုင်သူဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါ စစ်ဘေးဒုက္ခသည် စခန်းတွင် စစ်ဘေးဒုက္ခသည် အယောက်တစ်ထောင်ခန့်ရှိသည့်စခန်းလည်းဖြစ်သည်။
ဆက်စပ်သတင်း