ဖားကန့်စည်ပင်ဥက္ကဌရွေးချယ်မှုတွင် ဗဟိုစနစ်ဆန်လွန်းကြောင်း ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ ဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာပို့
ဥက္ကဌရွေးချယ်မှုတွင် ပြည်သူများ၏အမြင်သည် ပြည်နယ်အစိုးရ၏ ဆုံးဖြတ်ချက်မှာ ဗဟိုဦးစီးစနစ် ဆန်လွန်းသည်သာမက ပြည်သူ့အသံကို လျစ်လျူရှုရာရောက်နေကြောင်း၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့(WMR)သည် အိတ်ဖွင့်ပေးစာကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ လိပ်မူပြီး အောက်တိုဘာ ၁၉ရက်နေ့တွင် ထုတ်ခဲ့သည်။
“ ဒီ National Reconciliation နဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နေတဲ့ အချိန်ပေါ့လေ ဆိုတော့ တစ်ဖက်မှာ ဒီလိုမျိုးတည်ဆောက်နေတဲ့ အချိန်ဆိုတော့ အစိုးရနဲ့ ပြည်သူ ယုံကြည်မှု တည်ဆောက်တဲ့ အချိန်လည်းဖြစ်တယ်ဆိုတော့ တစ်ဖက်မှာ ပြည်သူနဲ့ ယုံကြည်မှုတည်ဆောက်နိုင်မှ ဖက်ဒရယ်စနစ်ကိုပိုပြီးမှ ပီပီပြင်ပြင် ဦးဆောင်နိုင်မှာ ဖြစ်တယ်။ ဆိုတော့ ဒီလိုမျိုးဖြစ်ပျက်တာက နည်းနည်းလေးဆိုပေမဲ့ ကြီးလာနိုင်တဲ့ အနေအထားတွေ မဖြစ်စေချင်ဘူး။ အဲ့ဒါကြောင့် ပြည်နယ်အစိုးရကို အကြံပြုစာအနေနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းဖြစ်ပါတယ်”ဟု ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးတန်ဂွမ်းမှပြောသည်။
ဖားကန့်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မဲခွဲဆုံးဖြတ်ခဲ့ရာ ဦးနော်ဆန့်က ၃မဲ ရရှိခဲ့သော်လည်း မဲ၂မဲသာ ရရှိခဲ့သည့် ဦးမင်းမင်းစိုးအား ဥက္ကဌ ခန့်အပ်လိုက်သည့်အပေါ် ပြည်သူများရဲ့ဝေဖန်မှုများရှိနေခဲ့သည်။
ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီက ဥပဒေတွင် မဲအများဆုံးသူကို ရွေးချယ်ရမည်ဟု ပြဌာန်းထားခြင်း မရှိသောကြောင့် ယခုရွေးချယ်မှုကို သိရှိနားလည်ပေးရန်ဆိုပြီး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဒီမိုကရေစီနည်းအရ ဖားကန့်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ရွေးချယ်မှုတွင် လူထု၏သဘောဆန္ဒဖြင့် ရွေးသည့်အတွက် လူထုသဘောထားကို အလေးထားပြီး ဆုံးဖြတ်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူကပြောသည်။
“မဲအများဆုံးကို ရွေးချယ်ဖို့ စည်ပင်သာယာဥပဒေမှာ မရေးထားဘူးဆိုလို့ရှိရင် ဘာမှမဲခွဲစရာမလိုဘူး။ ဒါကသူတို့ ဥပဒေမှာ ဘယ်သူ့ကိုမဆိုပေါ့နော် အစိုးရက ကြိုက်တဲ့လူကို ခန့်ထားနိုင်တယ်လို့ပဲ ရေးရမှာပေါ့။ ဒါက ဟိုမှာလူထုမဲနဲ့ရွေးချယ်တယ်။ မဲအများဆုံးမဲနဲ့ရွေးချယ်တယ်ဆိုတာဟာက ဥပဒေမှာပါလို့မဲခွဲရွေးချယ် ရတယ်လို့ပဲ သိတယ်ပေါ့နော်။ အဲ့တော့ စည်ပင်ဥက္ကဌကိုယ်တိုင်က ဒါမဲအများဆုံးလူကိုရွေးချယ်ဖို့ မလိုဘူးဆိုတာကို ကျွန်မတော့ ဒါနားမလည်ဘူးပေါ့နော်၊ ဘယ်လိုမှ ကျွန်မနားမလည်ဘူး။ အဲ့လိုမျိုးမဲအများဆုံးလူရွေးချယ်စရာ မလိုဘူးဆိုရင် အောက်ခြေမှာလည်း မဲမခွဲနဲ့ ကြိုက်တဲ့လူကိုခန့်ထားနိုင်တယ်ဆိုမှ ဥပဒေမှာပဲ ရေးလိုက်တော့ပေါ့နော်”ဟု ဒေါ်ဒွဲဘူကပြောသည်။
သြဂုတ်လ၂၇ရက်နေ့တွင် ပြုလုပ်ခဲ့သော စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ရွေးချယ်ပွဲတွင် ဖားကန့်မြို့ပေါ်ရပ်ကွက် ငါးခု၊ လုံးခင်း၊ နမ္မဖြစ်၊ ဆိပ်မူတို့မှ ရွေးချယ်ခံပုဂ္ဂိုလ် ရှစ်ဦးအား မြို့မိမြို့ဖများ အရှေ့တွင် မဲပေးစနစ်ဖြင့် ရွေးချယ်ပြုလုပ်ခဲ့ရာ ဦးနော်ဆန့်က မဲ(၃)မဲရရှိခဲ့ခြင်းဖြစ်သည်။