ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ကက်သလစ်ဘာသာဝင်များ စိတ်ပုတီးစိတ် စီတန်းလှည့်လည် ဆုတောင်းခြင်း အစီအစဉ်ပြုလုပ်သွားမည်
ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းမှုရရှိလာစေရန် ရည်ရွယ်ပြီး ကက်သလစ်ဘာသာဝင်များက မယ်တော်သခင်မ၊ ဘုရားရဲ့မိခင်ကို သဒ္ဒါကြည်ညို စိတ်ပုတီးစိတ် စီတန်းလှည့်လည် ဆုတောင်းခြင်းအစီအစဉ်ကို မေလ ၂၈ ရက်နေ့တွင် မြစ်ကြီးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုန်းတော်ကြီး ဒေါက်တာ ပီတာခါးအောင်တူးက ဆိုသည်။
“မယ်တော်သခင်မအားဖြင့် သူရဲ့သားတော် သခင်ခရစ်တော်၌ တောင်းလျှောက်တဲ့ စိတ်ပုတီးစိတ်တယ်၊ မယ်တော်သခင်မကို ကျွန်တော်တို့ ကက်သလစ်က ငြိမ်းချမ်းခြင်းရဲ့ မယ်တော်သခင်မ လို့ခေါ်တယ်၊ သူကိုယ်၌လည်းပဲ ငြိမ်းချမ်းခြင်းရဲ့သခင်မလို့ပြောတယ်၊ သူ့ကိုဆုတောင်းတယ်ဆိုတာ သူကတဆင့် သူ့ရဲသားတော်ကို အသနားခံပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဟုတ်တယ်၊” ဟု မြစ်ကြီးနားကျောင်းထိုင် ဘုန်းတော်ကြီး ဒေါက်တာ ပီတာခါးအောင်တူးက ပြောသည်။
စစ်ပွဲတွေဆင်နွဲနေတဲ့နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆုတောင်းတဲ့အခါ သခင်ခရစ်တော်ရဲ့မိခင် မယ်တော်သခင်မကို ယခုလိုမျိုး သဒ္ဒါကြည်ညို စိတ်ပုတီးစိတ် စီတန်းလှည့်လည်ပြီးတော့ ဆုတောင်းခြင်း အသနားခံခြင်းကို ကက်သလစ်အသင်းတော်အနေဖြင့် ခေတ်အဆက်ဆက် ပြုလုပ်ခဲ့ကြောင်း လက်နက်ကို လက်နက်နဲ့ ရင်ဆိုင်ခြင်းဆိုတာထက် စိတ်ပုတီးစိတ်ပြီးတော့ ဘုရားသခင်ကသာ ကူညီပေးဖို့တောင်းခံမှု ပြုခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အောင်းနန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကသီဒြယ်ဘုရားကျောင်းကို စိတ်ပုတီးစိတ် စီတန်းလှည့်လည် ဆုတောင်းခြင်းအစီအစဉ်၏ စုရပ်အဖြစ်သတ်မှတ်ထားပြီး ထိုမှတဆင့် ဈေးကြီးလမ်း၊ သခင်နက်ဖေလမ်း၊ ကညနရုံးလမ်း၊ ဆွမ်ပရာဘွမ်လမ်း၊ မြို့သစ်နာရီစင်၊ အ.ထ.က (၃) ကျောင်း စသည့်လမ်းကြောင်းအတိုင်း စီတန်းလှည့်လည်ကာ စုရပ်တွင်အဆုံးသတ်မည်ဖြစ်ကြောင်း မြစ်ကြီးနားဘုန်းတော်ကြီးတိုက်နယ်နှင့် စီတာပူဘုန်းတော်ကြီးတိုက်နယ်အတွင်းရှိ ဘာသာဝင်များနှင့် နီးစပ်ရာ စစ်ရှောင်များအားလုံးပါဝင်ကြမည် ဖြစ်ကြောင်း အဆိုပါအစီအစဉ်၏ တာဝန်ခံ ဆရာတူးရော်က ပြောသည်။