တရုတ်ဘက်ကို တောင်းတောင်းပန်ပန်နဲ့ ရောင်းနေရတဲ့ နယ်စပ်ဒေသက ရှားကောစိုက်ပျိုးတောင်သူများ
–
“ရှားကောသီး၊ ဒါတွေကတော့ အသီးတွေဟုတ်ပါတယ်။ ဒါတွေက ခြွေထားပြီးသားတွေ ဖြစ်ပါတယ်။ ခုတော့ စပြီးပေါင်းနေပြီပေါ့နော်။ တကယ်တမ်းပြောရရင်တော့ ကျပ်ကင်တာပေါ့။ ခုမှမီးထည့်ထားလို့ ခုမှနွေးကာစပေါ့။ ဒီကနေ မီးထည့်တာပါ။ ဒီကနေ မီးထည့်ပြီး အပေါ်ကို မီးအရှိန်နဲ့ မြှိုက်ပြီး အခြောက်ခံတာပါ။”
ကချင်ပြည်နယ် တရုတ်နယ်စပ်ဖြစ်ပြီး အများက လိုင်စင်တောင်လို့ သိကြတဲ့ ဒေသဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၇၀၀၀ ကျော်မှာ တည်ရှိပါတယ်။ တောင်ကုန်းတောင်တန်းတွေနဲ့ လျှိုမြောင်တွေပေါများပြီး အေးတဲ့ဒေသဖြစ်တာကြောင့် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ ရှားကောပါကော စိုက်ပျိုးဖြစ်ထွန်းတဲ့ ဒေသဖြစ်ပါတယ်။ ဒေသခံတွေလည်း ရှားကောပါကော စိုက်ပျိုးပြီးတော့ အသီးပေါ်တဲ့ အခုလို ပွင့်လင်းရာသီကာလမှာ တနိုင်တပိုင် မိသားစုဝင်ငွေရရှိနေကြတာ ဖြစ်ပါတယ်။
“ဆိုတော့ ခုဒါက ပြောရရင် ကျတော်က အလုပ်ရှင်ပေါ့နော်။ ဒါက ကျတော့်ခြံပါ။ အခုလို အချိန်ရောက်လာတာနဲ့အမျှ ဒီရာသီရဲ့ ရှားကောခူးတဲ့ကာလဖြစ်တာနဲ့အညီ ခုလို ရှားကောခူး၊ ခူးလည်းခူး ပေါင်းလည်းပေါင်းတဲ့ ကာလဖြစ်ပါတယ်။”
အခြောက်ခံထားတဲ့ ရှားကောစေ့တွေကို အိမ်နီးချင်း တရုတ်ဘက်ကို အများဆုံးရောင်းချကြပါတယ်။ ဒေသခံတောင်သူတွေက ပြည်တွင်းမှာ ကုန်ချောအဖြစ် ထုပ်ပိုးရောင်းချနိုင်ဖို့ စိတ်ကူးရှိပေမဲ့လည်း နည်းပညာလိုအပ်ချက်အပြင် ဝယ်လိုအားဈေးကွက် အားမကောင်းသေးတာကြောင့် လက်တွေ့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် အခြောက်ခံထားတဲ့ ရှားကောစေ့တွေကို ကုန်ကြမ်းအဖြစ်နဲ့သာ နှစ်စဥ်တန်ချိန်ရာနဲ့ချီပြီး တရုတ်ဘက်ကို ရောင်းချရတယ်လို့ ပြောပြပါတယ်။
“ပါဂျောင်၊ စိန်လုံ၊ ရှအစ်ယန်၊ နာ့ရူ၊ ဖလပ်၊ ဒီဒေသတွေက ရှားကောကို အဓိက အားစိုက်တဲ့ဒေသတွေပေါ့။ ဆိုတော့ ဒီဒေသတွေ အကုန်လုံးကနေဆိုရင် သူ့ရဲ့ထွက်နှုန်းက တန်နဲ့ဆိုရင် တန်ကို ရာနဲ့ချီမယ်။”
ရှားကောစိုက်ပျိုးသူဖြစ်တဲ့ တောင်သူ ဦးလဖိုင်ဇော်ဂွန်း ရဲ့ ပြောပြချက်အရ လိုင်စင် ပါဂျောင်တစ်ခွင်က ရှားကောပါကောခြံတွေကနေ ထွက်ရှိတဲ့သီးနှံ ရောင်းရငွေတွေဟာ တရုတ်ယွန်ငွေ သိန်းဆယ်ချီရရှိသင့်တာဖြစ်ပေမဲ့ ၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါဖြစ်တဲ့ ကာလကတည်းက တရုတ်ဘက်က နယ်စပ်ဂိတ် အဝင်အထွက် တင်းကျပ်လိုက်တာကြောင့် ဈေးကွက် အခက်ကြုံလာတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးတွေကာပြီး ပိုမိုတင်းကြပ်လိုက်တာကြောင့် ဒေသထွက်ကုန်တွေ ရောင်းချဖို့ ပိုမိုခက်ခဲသွားတယ်လို့ ပြောကြပါတယ်။
“ဆုံးရှုံးနစ်နာတယ်ဆိုတာတွေက ခုလိုလမ်းတွေပိတ်လိုက်တဲ့အတွက် ကျတော်တို့ တရုတ်နိုင်ငံကို လွတ်လွတ်လပ်လပ် သွားလာလို့မရတော့တဲ့အတွက် ဆုံးရှုံးနစ်နာတာတွေ ရသင့်သလောက် မရတာတွေ၊ တရုတ်မှာရတဲ့ဈေးနဲ့ မတိမ်းမယိမ်းမရတော့တာတွေ ပိုပြီးနစ်နာရပါတယ်။ ကျတော်တို့က ရတဲ့ဈေးနဲ့ ဘယ်လောက်ပဲရရ ရောင်းလို့သာရရင် ရောင်းလိုက်ရတဲ့အချိန်တွေ အဲ့လိုဆုံးရှုံးနစ်နာရတဲ့ အချိန်တွေရှိနေပါတယ်။”
လိုင်စင်ဒေသဟာ အနီးအနားပတ်ဝန်းကျင်က ပြည်သူတွေအတွက်လည်း အလည်ပတ်သွားလာလေ့ရှိတဲ့ နေရာဒေသဖြစ်နေတဲ့အတွက် ဒီလိုလာရောက် လည်ပတ်သူတွေကို ရည်ရွယ်ပြီး ထုပ်ပိုးရောင်းချတာတွေရှိလည်း လုပ်ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်ဈေးကွက်က အဓိကဖြစ်နေဆဲ ဖြစ်ပါတယ်။ တရုတ်ဘက်ကို တရားဝင် နယ်စပ်ဂိတ်ပေါက်ကနေ ရောင်းချနိုင်ဖို့ ခက်ခဲနေသေးပေမဲ့ အသီးပေါ်ချိန်ရောက်လာတာနဲ့အမျှ ဒေသခံ ရှားကောပါကော စိုက်ပျိုးတောင်သူတွေဟာ အဆင်သင့်ရောင်းချလို့ရအောင် ထုပ်ပိုးထားပြီး တရုတ်ဝယ်လက် ဈေးကွက်ကို စောင့်မျှော်နေကြပါတယ်။
“နှစ်တိုင်းလုပ်ဖြစ်ပါတယ်။ တစ်နှစ်တစ်ကြိမ်ပေါ့နော်။ ပြီးတော့ ရောင်းတာကတော့ တရုတ်ဘက်ကို အဓိက ရောင်းဖြစ်ပါတယ်။ ဆိုင်မှာလည်း နည်းနည်းပါးပါးတော့ တင်ထားပါတယ်။ ဗူးမှာပါကင်ထုပ်ပြီး တင်ထားပါတယ်။ ဗူးကြီးတစ်ဗူးကို မြန်မာငွေ နှစ်သောင်းကျပ် ဖြစ်ပါတယ်။ ပြီးတော့ ကြိတ်ပြီးလည်း ရောင်းပါတယ်။ ကြိတ်ထားတာကိုတော့ ဗူးအသေးထဲမှာထည့်ပြီး ရောင်းပါတယ်။ ဒါကိုလည်း တစ်ဗူး နှစ်သောင်းကျပ်နဲ့ ရောင်းပါတယ်။ တော်တော်များများတော့ နှစ်တိုင်းနီးပါး တရားဝင်တော့ တင်ပို့ရောင်းချလို့မရဘူးပေါ့။ ဒီမှာ လောပန်းတွေလာပြီး သူတို့လာဝယ်တယ်။ ဒါပေမဲ့ ဈေးတော့ အရမ်းနှိမ်တယ်။ ဟိုမှာရတဲ့ဈေးနဲ့ ဒီမှာပေးနေတဲ့ဈေးက မတူဘူး။ တင်ပို့ရောင်းချတာတော့ နည်းနည်းတော့ ခက်နေတာပေါ့ ခုလောလောဆယ်တော့။ ”
“လမ်းတွေ ဘယ်လိုပဲပိတ်တယ်ပြောပြော အဓိကရောင်းတာ တင်ပို့တာက တရုတ်ဘက်ခြမ်းပေါ့။ လွန်ခဲ့တဲ့နှစ်တွေဆိုရင်လည်း တရုတ်အစိုးရက ပိတ်ထားတယ်ဆိုပေမဲ့ တရုတ်ဘက်ခြမ်းက သိတဲ့မိတ်ဆွေတွေကို အကူအညီတောင်းပြီးတော့ ဝယ်ပေးပါဦးဆိုပြီး တောင်းတောင်းပန်ပန်နဲ့ အကူအညီတောင်းပြီး တင်သွင်းရတာပေါ့။ ခုဒီနှစ်လည်း အဲ့လိုမျိုးဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ရောင်းစားလို့ရအောင်လို့တော့ ကြိုးစားနေတာပေါ့။”