အင်းတော်မြို့နယ်က တောင်သူတွေ စပါးဈေးကျလို့ အရှုံးပေါ်
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စပါးဝယ်သူမရှိ ဖြစ်နေတာကြောင့် စပါးဈေးတွေကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေတယ်လို့ တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“စပါးတွေက ဝယ်တဲ့သူမရှိသေးဘူး။ ဆန်ကုန်သည်တွေလည်း မဝယ်သေးဘူးပြောတယ်။ သူတို့လည်း လမ်းကြောအခက်အခဲတွေနဲ့မို့ ဈေးမကိုက်ဘူးတဲ့။ အဲ့တာမို့ ဝယ်တဲ့သူမရှိပဲ၊ စပါးဈေးက ကျနေတာ”လို့ အင်းတော်မြို့နယ်၊ မော်လူးဒေသခံ တောင်သူအမျိုးသမီးက ပြောပါတယ်။
လက်ရှိ အင်းတော်မြို့နယ်မှာ စပါးတစ်တင်းမှာ တစ်သောင်းကျပ် ဈေးပေါက်နေပြီး စပါးဖြစ်ဖို့ ကုန်ကျစရိတ်တန်ဖိုးတွေနဲ့ တွက်လိုက်ရင် အရှုံးပေါ်တယ်လို့လည်း အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။
“စပါးစိုက်တာ နောင်တရသလို ဖြစ်နေပြီ။ စပါးစိုက်ဖို့ ဓာတ်မြေဩဇာဖိုးတွေ၊ စပါးစိုက်ခတွေ၊ စပါးရိတ်ခတွေနဲ့ တခြား စရိတ်စကတွေက ဈေးကြီးပြီး ထွက်လာတဲ့အခါ စပါးဈေးက မရနဲ့။ ကျွန်မ လယ်ကဒီနှစ် စပါး ၅၅၀ (တင်း) ရတယ်။ တစ်တင်း ၁ သောင်းဈေးနဲ့ဆို ၅၅ သိန်း၊ အဲ့တာလေ အရင်းတောင်ရရင် အနိုင်နိုင်။ တကယ်တမ်း တွက်ကြည့်ရင် ကျွန်မ လယ် ၆ ဧကဟာ ရှုံးတယ်။ လူပင်ပမ်းရကြိုးတောင်မနပ်ဘူး။”လို့ ပြောပါတယ်။
အင်းတော်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီး လမ်းကြောအခက်အခဲတွေကြောင့် ဆန်တင်ပို့ရန် တွက်ခြေမကိုက်ခြင်းနဲ့ မန္တလေးမှာ ဆန်ဈေးတွေကျဆင်းနေတာကြောင့် စပါးဈေးတွေ ကျဆင်းနေရခြင်း ဖြစ်တယ်လို့လည်း မော်လူးဒေသက ဆန်ကုန်သည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျွန်မတို့ ဒီအထက်ပိုင်းကနေ မန္တလေးကို ဆန်တွေတင်ပို့ဖို့ဆို ကားခနဲ့ လမ်းကြောပိတ်တာတွေကြောင့် အရင်ကားခက ဆန်တစ်အိတ်ကို ၅ ထောင်ဆို အခုက ၁ သောင်းခွဲဖြစ်သွားပြီ။ ပြီးတော့ မန္တလေးမှာက အလှဆုံး ဆန်တစ်အိတ်ကို ၈ သောင်းပဲ ပေါက်တယ်။ ပေါ်ဆန်းမွှေးဆို ၁ သိန်းခွဲပဲပေါက်တယ်လေ။ အဲ့ခါကျတော့ ကျွန်မတို့ ဆန်ကုန်သည်တွေအတွက် တွက်ခြေမကိုက်တော့၊ စပါးတွေဝယ်ပြီး ဆန်ကြိတ်တာတွေကို ခဏရပ်ထားတယ်။”လို့ ဆိုပါတယ်
အဲ့ဒီအပြင် မန္တလေးက ဆန်ပွဲရုံတွေကလည်း ရှမ်းမြောက်ဘက်ကနေ တရုတ်ပြည်ဘက်သွားတဲ့ လမ်းကြောအခက်အခဲတွေနဲ့ တရုတ်ပြည်ကို ကုန်ပစ္စည်းပို့တဲ့ဂိတ်တွေ ပိတ်ထားတဲ့အတွက်ကြောင့် အထက်ပိုင်းက ဆန်တွေကို မဝယ်ယူနိုင်သေးတာလို့လည်း မန္တလေးက ဆန်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။
“ဆန်တွေက တရုတ်ပြည်ကို တင်ပို့လို့ရတဲ့ လမ်းကြောင်းဖြစ်တဲ့ ရှမ်းမြောက်အထွက် နောင်ချိုကနေစပြီးမှ ကွတ်ခိုင်အထိ တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒီအတွက်လည်း လမ်းကြောတွေက ခက်ခဲတယ်လေ။ နောက်ပြီးတော့ တရုတ်ပြည် ဝင်ပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ဂိတ်မှာကလည်း ပိတ်ထားတော့ ဆန်တွေထပ်ပြီး မဝယ်နိုင်သေးဘူးလေ။”လို့ မန္တလေးက ဆန်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
အင်းတော်မြို့နယ်မှာ မနှစ်က စပါးတစ်တင်းကို တစ်သောင်းခွဲအထိဈေးရခဲ့ပေမဲ့ ဒီနှစ်မှာတော့ တစ်သောင်းသာ ရရှိတာဖြစ်ကြောင်း သိရပါတယ်။ အင်းတော်မှာ မိုးစပါးကိုသာ အဓိက စိုက်ပျိုးကြပြီး ဇွန်လနဲ့ ဇူလိုင်လတွေမှာ စိုက်ပျိုးကာ နိုဝင်ဘာလမှာ စတင် ရိတ်သိမ်းတာ ဖြစ်ပါတယ်။