တရုတ်ပြောတဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးက ဘာအဓိပ္ပါယ် ဆောင်သလဲ
နိုင်ငံရေးဆောင်းပါး။
–
မြန်မာ့အရေးမှာ တရုတ်အစိုးရ ပြောလေ့ရှိတဲ့စကားတစ်ခုက အများသိနေတဲ့ နယ်စပ်ဒေသတည်ငြိမ်ရေး ဖြစ်ပါတယ်။ အဲ့ဒီတော့ သူပြောတဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးရဲ့ နောက်ကွယ်က လိုအင်ဆန္ဒက ဘာဖြစ်မလဲ။ နယ်စပ်ဒေသနဲ့ နိုင်ငံအတွင်းပိုင်းဒေသတွေရဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေက ဘယ်လို ဆက်စပ်နေသလဲ ဆန်းစစ်ကြည့်ချင်ပါတယ်။
“လောလောဆယ်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာလည်း တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ဖြစ်ပါတယ်။ နယ်စပ်တကြောမှာ ကျနော်တို့က ထိန်းချုပ်လိုက်လို့ရှိရင် တည်ငြိမ်အေးချမ်းမှု ဖြစ်သွားမယ်။ အဲ့တော့ ရေရှည်မှာ တစ်နိုင်ငံလုံးတည်ငြိမ်ဖို့၊ ပြီးရင် စစ်အာဏာရှင်စနစ်ကို ကျနော်တို့ ချုပ်ငြိမ်းဖို့ ကြိုးစားတာဖြစ်တယ်ဆိုတာကို ကျနော်တို့ ကြိုးစားပြီးရှင်းပြတာ ဖြစ်ပါတယ်။” နိုင်ဝင်ဘာ ၃ ရက်နေ့က ဘီဘီစီထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ၊ ဒုဗိုလ်ချုပ်ကြီးဆွမ်လွတ်ဂွန်မော် က BBC မေးတဲ့ တရုတ်ဖိအားမေးခွန်းနဲ့ ပတ်သတ်ပြီး ဖြေကြားခဲ့တဲ့အထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေဆိုတာ လွတ်လပ်ရေးရပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ပဋိပက္ခပြဿနာတွေကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေထဲက အထူးသဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေရဲ့ အခြေစိုက်ရာ ဒေသတွေဖြစ်ပါတယ်။ ဒီလို နယ်စပ်ဒေသတွေထဲကမှ အင်အားပိုမိုတောင့်တင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဗဟိုဌာနတွေအခြေစိုက် လှုပ်ရှားရာနယ်မြေတွေဟာ တရုတ်နယ်စပ်နဲ့ ပိုမိုထိစပ်နေတာကို တွေ့ရပါတယ်။
ဥပမာကြည့်ရမယ်ဆိုရင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကြား လက်မှတ်ထိုးခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်နက်အင်အား ပိုမိုတောင့်တင်းတဲ့အဖွဲ့တွေ ပါဝင်လက်မှတ်ထိုးခြင်း မရှိခဲ့ပါဘူး။ တိတိကျကျပြောရရင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေထဲမှာ အာဏာမသိမ်းမီကာလကရော အာဏာသိမ်းပြီးကာလမှာရော စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အင်အားကြီးအဖွဲ့တွေလည်း ပါဝင်နေပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) အဖွဲ့ ဖြစ်ပါတယ်။
ဒါပေမဲ့ (FPNCC) အဖွဲ့ထဲမှာ အာဏာမသိမ်းမီကတည်းက မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ပွဲဆင်နွဲနေတဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်ပါတယ်။ အဲ့ဒီအဖွဲ့တွေဟာ KIO/KIA၊ ULA/AA၊ PSLF/TNLA၊ MNTJP/MNDAA အဖွဲ့တွေ ဖြစ်ပါတယ်။ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ULA/AA၊ PSLF/TNLA၊ MNTJP/MNDAA အဖွဲ့သုံးဖွဲ့က ညီနောင်မဟာမိတ် (၃) ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်။ ဒီညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ “၁၀၂၇ စစ်ဆင်ရေး”ကို စတင်ခဲ့ပြီး၊ ဒီစစ်ဆင်ရေးရဲ့ အောင်ပွဲရလဒ်တွေကိုလည်း ထူးခြားစွာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာမသိမ်းမီကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆင်နွဲနေတဲ့ KIA ကလည်း လက်ရှိအချိန်ထိ စစ်ဆင်ရေးဆင်နွဲနေဆဲဖြစ်ပြီး၊ ၎င်းရဲ့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်မှုကလည်း ဗမာပြည်အညာဒေသအထိ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။
▪︎ မြောက်ပိုင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေး ရည်ရွယ်ချက်တွေထဲက မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့နေ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်ခဲ့တဲ့ အချက်တွေထဲမှာ “မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး” က အချက်တစ်ချက်အဖြစ် ပါဝင်နေပါတယ်။ ဒါ့အပြင် ၎င်းတို့ဦးဆောင်တဲ့ စစ်ဆင်ရေးထဲမှာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံရဲ့ မြို့ပြမြေပြန့်ဒေသနဲ့ အညာဒေသက တော်လှန်ရေးအင်အားစုတွေနဲ့ အခြားတော်လှန်ရေးအဖွဲ့တွေ ပါဝင်ကြောင်း သိရပါတယ်။
အခြားတစ်ဖက်မှာ KIO/KIA ကလည်း ကချင်ပြည်နယ်နဲ့ တစ်ဆက်တစ်စပ်တည်းရှိနေတဲ့ စစ်ကိုင်းတိုင်းဒေသမှာ NUG နဲ့ အဓိက လက်တွဲဆောင်ရွက်နေကြောင်း ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာပဲ ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော် က ထည့်သွင်းဖြေကြားခဲ့တာကို တွေ့ရပါတယ်။ အလားတူ KIA ရဲ့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ AA ကလည်း ရခိုင်ပြည်နယ်အပြင် အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ တော်လှန်ရေး အင်အားစုတွေနဲ့အတူ တိုက်ပွဲဝင်နေကြောင်း သိရပါတယ်။
စစ်ဆင်ရေးတွေကို ပြန်ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲလာတဲ့အချိန် KIA ကလည်း ၎င်းရဲ့ မဟာမိတ်တွေနဲ့အတူ ပင်မအမြစ်ဖြတ်စစ်ဆင်ရေးကို အခုနှစ် မတ်လ ၇ ရက်နေ့ကစပြီး အရှိန်အဟုန်မြင့် ဆောင်ရွက်လာတာကို တွေ့နေရပါတယ်။ ဒီပင်မအမြစ်ဖြတ်စစ်ဆင်ရေး ဆိုတာကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ရည်ရွယ်တဲ့အကြောင်း ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒုဗိုလ်ချုပ်ကြီးဆွမ်လွတ်ဂွန်မော်က ပြောသွားပါတယ်။
လက်ရှိကာလမှာ တိုက်ပွဲတွေဟာ အရင်ကလို နယ်စပ်ဒေသတွေမှာပဲ ဖြစ်ပွားနေတာ မဟုတ်ပဲ နိုင်ငံရဲ့အတွင်းပိုင်းအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ပြဿနာရဲ့ဇာစ်မြစ်က နယ်စပ်ဒေသကနေလာတာ မဟုတ်ဘဲ၊ နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ထားပြီး စစ်အာဏာရှင်စနစ်နဲ့ ခေတ်အဆက်ဆက်အုပ်ချုပ်လာခဲ့တဲ့ မြန်မာစစ်တပ်တွေရဲ့ စိတ်အရင်းခံကနေ လာတဲ့ပြဿနာ ဖြစ်ပါတယ်။
ပြန်ပြောင်းကြည့်ရင် ၁၉၈၈ အရေးအခင်း ဖြစ်ပေါ်လာတာရော ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေး ဖြစ်ပေါ်လာတဲ့ အချက်တွေရောဟာ နယ်စပ်ဒေသကနေ သန္ဓေတည်လာတဲ့ အရေးအခင်းတွေ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ အတောမသတ်နိုင်တဲ့ နိုင်ငံရေး အာဏာလောဘတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးပေါက်ကွဲအုံကြွမှုသာ ဖြစ်ပါတယ်။ ဒီလို အရေးအခင်းတွေကနေ ပေါ်ပေါက်လာတဲ့ တော်လှန်ပြည်သူတွေရဲ့ ကြွေးကြော်သံတွေဟာ ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတွေ ဖြစ်ပါတယ်။
အခုနောက်ဆုံး ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးကနေ ထွက်ပေါ်လာတဲ့ ကြွေးကြော်သံတွေဟာ နယ်စပ်ဒေသမှာ အခြေစိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးလိုလားချက်တွေနဲ့လည်း ပိုမိုနီးစပ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေပြန့်ဒေသက လူများစုပြည်သူတွေရဲ့ တော်လှန်ရေးကို ထောက်ခံမှုကလည်း ၁၉၈၈ ခုနှစ် အခြေအနေတွေနဲ့ မတူတော့ပဲ လက်နက်ကိုင် တော်လှန်ရေးကို ထောက်ခံအားပေးလာကြတာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာ့နွေဦးမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကြား ပိုမိုလျှင်မြန်စွာ ချိတ်ဆက်လက်တွဲ ဆောင်ရွက်လာနိုင်တာ ဖြစ်ပါတယ်။
KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက (၂၀၂၁) ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဗမာတိုင်းရင်းများ သာမက မြန်မာနိုင်ငံသားများ အားလုံးဟာ စစ်အာဏာရှင်စနစ်နဲ့ ပါတီအာဏာရှင်စနစ်တွေကို ဆန့်ကျင်တော်လှန်လာကြပြီဖြစ်ပြီး၊ တောင်တန်းဒေသ တိုင်းရင်းသာလူမျိုးများ ဘာကြောင့်တော်လှန်ရေး ဆင်နွဲနေရတဲ့ အကြောင်းရင်းများကိုလည်း နားလည်းသဘောပေါက် လာကြပြီဖြစ်ကြောင်း ကေအိုင်အို တည်ထောင်ဖွဲ့စည်းခြင်း (၆၁) နှစ်ပြည့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေဟာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာရန် အခွင့်အခါကောင်းဖြစ်တယ်လို့လည်း ၎င်းရဲ့မိန့်ခွန်းတွေမှာ ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။
▪︎ နယ်စပ်ဒေသတည်ငြိမ်ခဲ့တဲ့ ကာလတွေမှာ ဘာဖြစ်ခဲ့သလဲ
၁၉၈၈ အရေးအခင်း နောက်ပိုင်း နိုင်ငံရေးအခြေအနေကို အကျဉ်းအားဖြင့် ခြုံငုံကြည့်ရင် စစ်တပ်ဟာ လူထုတောင်းဆိုမှုကို အကြမ်းဖက်ဖြိုခွင်းပြီး အထက်မှာဖော်ပြခဲ့တဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး (သို့) အပစ်အခတ်ရပ်စဲရေး ယူနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ ULA/AA၊ PSLF/TNLA မပါသေးပါ။ အခြားတစ်ဖက်မှာတော့ ဒေါ်အောင်ဆန်းစုကြည့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီတွေကို နှိပ်ကွပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီကာလတွေမှာ ထိုင်းမြန်မာနယ်စပ်ဒေသမှာပဲ တိုက်ပွဲသံတွေ ကြားနေရပြီး တရုတ်နိုင်ငံနဲ့ ထိစပ်တဲ့ နယ်စပ်ဒေသတွေမှာတော့ လက်နက်ကိုင် တိုက်ပွဲမရှိတဲ့ တည်ငြိမ်မှုရှိခဲ့ပါတယ်။
အဲ့ဒီလိုဖြစ်ခဲ့တဲ့ကာလမှာ စစ်တပ်ဟာ ၎င်းတို့အလိုကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပါတယ်။ တရုတ်အစိုးရနဲ့လည်း စီမံကိန်းကြီးတွေ အကောင်အထည်ဖော်ဖို့ စာချုပ်လက်မှတ် ထိုးနိုင်ခဲ့ပါတယ်။ စစ်တပ်ဟာ အတိုက်အခံအင်အားစုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကို အပေါ်စီးကနေ ဆက်ဆံနိုင်ခဲ့တဲ့အပြင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းဖို့ ဖိအားပေးခဲ့ပါတယ်။ အဲ့ဒီနောက် ငြိမ်းချမ်းရေးလို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေးတွေဟာလည်း ပျက်ပြယ်လာပြီးနောက် တရုတ်ပြောတဲ့ နယ်စပ်တည်ငြိမ်ရေးလည်း မတည်ငြိမ်ရတော့တဲ့ အခြေအနေ ဖြစ်သွားပါတော့တယ်။
▪︎ တရုတ်ပြောတဲ့ နယ်စပ်တည်ငြိမ်ရေးရဲ့ အဓိပ္ပါယ်ကို ပုံဖော်ကြည့်ခြင်း
အထက်မှာ ရှင်းပြခဲ့တဲ့အတိုင်း နယ်စပ်ဒေသမှာ ဗဟိုဌာနချုပ်တွေ အခြေချပြီး အင်အားတောင့်တင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြား အပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန် အားမကောင်းခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ တကယ် တည်ငြိမ်နေခဲ့တာတော့ မဟုတ်ပါဘူး။ ထင်ထင်ခြားခြား ပြရမယ်ဆိုရင် ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကိုလည်း စစ်တပ်က အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။ ပြီးတော့ ရွှေဝါရောင်တော်လှန်ရေးအပြီး နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ ဒုက္ခရောက်နေရတဲ့အချိန်မှာ အာဏာရှင်စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အတင်းအဓမ္မ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ခြယ်မှုတွေကို ရပ်ဆိုင်းရန် တောင်းဆိုမှု ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပေါ်ပေါက်ခဲ့ပေမဲ့ တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာသုံး ကန့်ကွက်ခဲ့ပါတယ်။
ဒီလိုအခင်းအကျင်းတွေကိုကြည့်ရင် တရုတ်အစိုးရဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှတဆင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ ပြေလည်မှုရရှိရေးကို ရှေးရှုမယ့်ပုံမတွေ့ရပါ။ အတိုက်အခံတွေနဲ့ ပြည်သူတွေကို ထိန်းချုပ်အုပ်စိုးသွားမယ့် အစိုးရမျိုးဆိုရင်လည်း အသိအမှတ်ပြု ဆက်ဆံသွားချင်တဲ့သဘော တွေ့ရပါတယ်။ တရုတ်ပြောတဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးက နယ်စပ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့တွေ ငြိမ်နေရင် နိုင်ငံရဲ့ဗဟိုအုပ်ချုပ်မှု ယန္တရားတွေကို ချုပ်ကိုင်ထားတဲ့ အုပ်စိုးသူအစိုးရတွေက အတိုက်အခံတွေကို ထိန်းထားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းကနေ နိုင်ငံရဲ့ အလယ်ဗဟိုကိုဖြတ်ပြီး အရှေ့မြောက်ဘက် တရုတ်နယ်စပ်အထိ ရတနာပိုက်လိုင်းတွေရှိနေပြီး အခြားစီမံကိန်းကြီးတွေ အကောင်အထည်ဖော်နိုင်ဖို့ ပြင်းပြနေတဲ့ တရုတ်အစိုးရဟာ နယ်စပ်ဒေသကိုပဲ တည်ငြိမ်စေချင်နေတာ အဓိပ္ပါယ် မရှိလှပါဘူး။ တစ်နိုင်ငံလုံးကို ကြိုးကိုင်ကစားနိုင်မယ့် သော့ချက်တစ်ခုအဖြစ် နယ်စပ်ဒေသကို အသုံးချနေခြင်း သဘောပုံဆောင်နေတာကို တွေ့ရပါတယ်။
အမှန်မှာတော့ နယ်စပ်ဒေသမှာ ဗဟိုဌာနတွေ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေဟာ ခွဲခြားထားလို့ မရကောင်းတဲ့ အရာပါ။ ဒါဟာ အခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ တော်လှန်ရေးအရွေ့မှာ ပိုမိုနားလည်နီးစပ်လာနိုင်ပြီး တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်မယ့် အိမ်မက်နဲ့လည်း ပိုမိုနီးစပ်လာပြီလို့ ခံစားနေရတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
ခြုံပြောရမယ်ဆိုရင် နယ်စပ်ဒေသမှာ တိုက်ပွဲသံတွေငြိမ်နေပြီး ပြည်သူလူထုတွေက မချစ်သော်လည်းအောင့်ကာနမ်း ငြိမ်ခံနေရတဲ့ အခြေအနေမျိုးဟာ အမှန်တကယ်တည်ငြိမ်းမှု မဟုတ်တာကို တရုတ်အစိုးရလည်း သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် တရုတ်အနေနဲ့ နယ်စပ်ဒေသ သာမက တစ်နိုင်ငံလုံး အမှန်တကယ် တည်ငြိမ်အေးချမ်းနိုင်ဖို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်မှန်းနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ကူညီပေးတဲ့ အိမ်နီးချင်းနိုင်ငံပဲ ဖြစ်သင့်ပါတယ်။