အင်းတော်မြို့မဘုန်းကြီးကျောင်းက ပိတ်မိပြည်သူတစ်ချို့ပြန်လွတ်လာ၊ အမျိုးသမီးတစ်ချို့ အဓမ္မပြုကျင့်ခံရတယ်လို့ပြော
–
တိုက်ပွဲပြန်လည်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့မ ဘုန်းကြီးကျောင်းမှာ ဓားစာခံအဖြစ် ပိတ်လှောင်ခံနေရတဲ့ နောက်ထပ် ပြည်သူအယောက် (၃၀) လောက် လွတ်မြောက်လာပြီး၊ အမျိုးသမီးတစ်ချို့ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရပါတယ်။
အဲ့ဒီထွက်ပြေးလာနိုင်တဲ့ထဲကမှ အမျိုးသမီးတစ်ချို့ဟာ စစ်ကောင်စီတပ်ကခေါ်ပြီး အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေပါဝင်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဲ့ဒီလွတ်လာတဲ့သူတွေက ညီမတို့ကို ငိုပြီးတော့ ပြောပြတာ။ စစ်တပ်ကုန်းမှာ ကျန်ခဲ့တဲ့ အမျိုးသမီးတွေ အတော်များများ စစ်တပ်ဘက်က တစ်ရက်တစ်ယောက် ခေါ်ခေါ်သွားတာတဲ့။ အမျိုးသမီးတစ်ယောက်ဆို သူ့မှာယောက်ျားလည်း ရှိတယ်။ ကလေးလည်းရှိတာကို ပြုကျင့်ခံရတာ။ ပြီးတော့ သူ့မိသားစုအရှေ့ ကျေနပ်လားဆိုပြီး မေးတာ။ သူတို့ အဓမ္မပြုကျင့်တဲ့ထဲမှာလည်း Non-CDM တွေ ရောပါတယ်။”လို့ ပြောပါတယ်။
အင်းတော်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ (၁၆) ရက်နေ့က မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြည်သူတစ်ထောင်လောက်ဟာ မြို့မဘုန်းကြီးကျောင်းထဲ စစ်ကောင်စီတပ်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ရတာဖြစ်ကြောင်း သိရပြီး၊ စက်တင်ဘာ ၁၇ ရက်နေ့က အယောက် (၄၀၀) ကျော်တစ်ခါ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အယောက် (၃၀၀) လောက် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း သိရပါတယ်။
ယခုလ နိုဝင်ဘာ ၁ ရက်နေ့မှာတော့ တကျော့ပြန် အင်းတော်မြို့သိမ်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားနေစဉ် ညနေပိုင်းမှာ ပြည်သူ (၃၀) လောက်ဟာ မြို့မဘုန်းကြီးကျောင်းထဲကနေ ထွက်ပြေးလာနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အခု လက်ရှိအချိန်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကျန်ရှိနေတဲ့ စစ်တပ်ကုန်း၊ ဘုရားကုန်းတွေကို ဝင်ရောက်တိုက်ခိုက်နေပြီး မြို့မဘုန်းကြီးကျောင်းထဲမှာလည်း ပိတ်မိပြည်သူ အယောက် (၂၀၀) လောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။