လမ်းဖွင့်ထားပေမဲ့ မော်လူးမြို့မှာ ကုန်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲ
–
မိုးတွင်းကာလမှာ လမ်းကြောတွေ ပိတ်ဆို့ခဲ့မှုကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့တဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့ရဲ့ မြို့နယ်ခွဲတစ်ခုဖြစ်တဲ့ မော်လူးမြို့မှာ လမ်းကြောပွင့်နေပြီဖြစ်ပေမဲ့ ကုန်ဈေးနှုန်းတွေ ကျဆင်းသွားခြင်းမရှိသေးပဲ ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့က မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမပေါ်မှာရှိတဲ့ အင်းတော်မြိုသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် မြို့ထဲကိုဖြတ်သွားရတဲ့ လမ်းမကြီးကိုမဖြတ်စေတော့ပဲ မြို့ကိုကွင်းတဲ့ ကွင်းလမ်းကို ဩဂုတ်လ ၂၂ ရက်နေ့မှာပဲ ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကွင်းလမ်းဟာ မြေသားလမ်းဖြစ်တာကြောင့် မိုးတွင်းကာလမှာ လမ်းတွေ ပျက်စီးကာ လမ်းကြောပိတ်ဆို့မှုတွေ မကြာခဏဖြစ်လို့ အင်းတော်မြို့ အထက်ဘက်က မြို့တွေဖြစ်တဲ့ မော်လူးမြို့နဲ့ ကချင်ပြည်နယ်ဘက်က မြို့တွေမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်၊၊
ယခု မိုးပြီးသွားပြီဖြစ်တဲ့ ဆောင်းတွင်းကာလမှာ ကွင်းလမ်းကနေ အဆင်ပြေပြေ သွားလာနိုင်ပြီဖြစ်ပေမဲ့ မော်လူးမှာတော့ ဝက်သားတစ်ပိဿာ ၄၅,၀၀၀ ကျပ်၊ CP ကြက်တစ်ပိဿာ ၄၂,၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ၂၅,၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၁၅,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၈၀၀၀ ကျပ်၊ စားအုံးဆီတစ်ပိဿာ၂၀,၀၀၀ ကျပ်၊ ဆားတစ်ပိဿာ ၂၀၀၀ ကျပ်၊ ဟင်းချိုမုန့်တစ်ပိဿာ ၁၄,၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၇၀၀ ကျပ်၊ ကော်ဖီမစ်တစ်ထုပ် ၇၀၀ ကျပ်ဈေးရှိတယ်လို့ မော်လူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အင်းတော်မြို့တိုက်ပွဲ မဖြစ်ခင်က ဝက်သားတစ်ပိဿာ ၁၆,၀၀၀ ဈေးပဲ ရှိတယ်။ ပြီးခဲ့တဲ့ မိုးတွင်းကာလကလည်း လမ်းတွေပိတ်ပါတယ် ဆိုတာတောင် ကြက်သားက ၂၈,၀၀၀ (ကျပ်)၊ဝက်သားက ၃၀,၀၀၀ (ကျပ်)၊ အမဲသားက ၂၂,၀၀၀ (ကျပ်)၊ အဲ့လောက်ထိပဲ တက်ခဲ့တယ်။ အခု လမ်းတွေ ကောင်းနေပြီဆိုတော့ ဈေးက ပြန်မကျတတ်ပဲ ဆက်တက်နေဆဲပဲ။ ဝက်သားနဲ့ကြက်သားဈေးတောင် ၄ သောင်းခွဲဆိုတော့ ဈေးမေးရမှာတောင် လန့်နေပြီ။ အရင်က ၁ သောင်းလောက် ကိုင်သွားရင်ကို မိသားစုစားလောက်အောင် ဝယ်လို့ရတယ်။ အခုမှာ ၂သောင်းမကျော်ရင်ကို ဈေးဝယ်လို့မရတော့ဘူး၊၊ ဒါတောင် ကြက်သား၊ ဝက်သားမစားနိုင်ဘူး၊၊ အသီးအရွက်နဲ့ ကြက်ဥပဲ စားနိုင်မယ်။ မော်လူးမြို့က ဈေးသည်တွေက အပြိုင်အဆိုင် ဈေးတက်ပြီးများ ရောင်းနေကြလားမသိဘူး။ ကုန်ဈေးနှုန်းကတက်ပြီးရင် ပြန်ကိုမကျတတ်တော့ဘူး၊၊”လို့ ဆိုပါတယ်။
ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ပတ်သက်ပြီး မော်လူးမြို့က ကုန်စုံရောင်းတဲ့ ဈေးသည်တစ်ဦးကို ဆက်သွယ် မေးမြန်းရာမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေပြီး သယ်ယူစရိတ် ကြီးမြင့်တာကြောင့် ကုန်ဈေးနှုန်း မြင့်တတ်တာတွေအပြင် အပြိုင်အဆိုင်ဈေးတင်ရောင်းကြတာတွေကြောင့် ကုန်ဈေးနှုန်း မြင့်တက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
“တစ်ချို့ကျတော့ သူက ဒီဈေးနဲ့ရောင်းရင် ငါကလည်း ဒီဈေးနဲ့ ရောင်းမယ်ဆိုပြီး အပြိုင်အဆိုင် တင်ရောင်းကြတာကနေ ကုန်ဈေးနှုန်းတွေ တက်ကုန်တာ။ နောက်ပြီးကြတော့ သယ်ယူစာရိတ်ကြီးတာတွေလည်းပါမယ်၊၊ ကားခနဲ့ လမ်းမှာရှိတဲ့ဂိတ်တွေကို အခွန်ပေးရတာတွေ များတာကြောင့် ဈေးကတော့ ဆက်ပြီး မြင့်နေဦးမှာပဲ။”လို့ ဆိုပါတယ်။
အခြေခံ စားသောက်ကုန်အပြင် စစ်ကောင်စီတပ်က ရွှေဘိုမြို့နယ်အထွက် ကိုးပင်ဂိတ်မှာ ဆီတင်ကားတွေကို ဖြတ်သန်းသွားလာခွင့်မပြုပဲ ပိတ်ထားတဲ့အတွက်ကြောင့် အင်းတော်မြို့နယ် မော်လူးမြို့နဲ့ ကချင်ပြည်နယ်ဘက်မှာ စက်သုံးဆီဈေးနှုန်းတွေ တဖြည်းဖြည်း ဈေးမြင့်တက်လာနေတယ်လို့လည်း ပြောပါတယ်။