စစ်ကောင်စီအောက်ရှိသေးတဲ့ မိုင်းရယ်မြို့ကို စစ်ကောင်စီကပဲ ပစ္စည်းသယ်ယူခွင့် ပိတ်ထားတယ်လို့ဆို
–
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုင်းရယ်မြို့ကို စစ်ကောင်စီရဲ့ ထောက်ခံစာပါမှသာ ကုန်ပစ္စည်းသယ်ယူခွင့် ပြုတယ်လို့ မိုင်းရယ်မြို့ခံတွေ ဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ကျေးသီမြို့နဲ့ မိုင်းရယ်မြို့နယ်ကြားက ကောင်းလန်းဂိတ်မှာ စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် မိုင်းရယ်ဘက်ပို့မယ့် ပစ္စည်းတန်ဆာတွေကို ကားဂိတ်တွေက လက်မခံတော့ဘူးလို့ မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျေးသီးမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်ကြားက ကောင်းလန်းဂိတ်မှာ ပိတ်ထားတယ်။ စစ်တပ်ကထောက်ခံစာပါမှ သယ်ခွင့်ပြုမှာတဲ့။ တခြားမြို့က ကားဂိတ်တွေလည်း မိုင်းရယ်ကို တန်ဆာပစ္စည်းပို့တာကို လက်မခံကြတော့ဘူးတဲ့။ အခုမြို့ထဲမှာတော့ အကုန်စျေးတက်တယ်။ လားရှိုးဘက်ကို သယ်ယူခွင့်ပိတ်တာတော့ EAO အဖွဲ့တွေ သိမ်းထားလို့ ထားပါတော့။ မိုင်းရယ်က စကစ ထိန်းချုပ်မှုအောက်ရှိနေတာကို ပစ္စည်းသယ်ယူခွင့် ပိတ်တာကို နားမလည်ဘူးဗျ။”လို့ အဆိုပါ အမျိုးသားက ဆိုပါတယ်။
လက်ရှိမှာတော့ မိုင်းရယ်မြို့မှာ ခရမ်းချဉ်သီးတစ်ပိဿာ ၁၅,၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၁၀,၀၀၀ ကျပ်၊ အိမ်ကြက်တစ်ပိဿာ ၃၀,၀၀၀ ကျပ် ပေးရပြီး၊ CPကြက်နဲ့ဝက်သား ဝယ်ယူလို့မရတော့ပဲ အမဲသားကတော့ ဝယ်ယူလို့ ရနိုင်သေးတယ်လို့လည်း ပြောပါတယ်။
“မိုင်းရယ်မြို့ကို ပစ္စည်းသယ်ယူခွင့် ပိတ်ထာတော့ CPကြက်သားနဲ့ ဝက်သားကတော့ ဝယ်လို့မရတော့ဘူး။ အမဲသားကတော့ ဒေသမှာပေါတော့ ဝယ်လို့ရသေးတယ်။ အိမ်ကြက်ဆိုရင်တော့ တပိဿာ ၃ သောင်းနဲ့ဝယ်စားလို့ ရသေးတယ်။ ကြာလာရင်တော့ ကုန်ပစ္စည်းတွေ ပြတ်လပ်မှာနဲ့ စျေးအဆမတန်ကြီးလာမှာကို စိုးရိမ်ပါတယ်။”လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး လားရှိုးမြို့အပါအဝင် ရှမ်းမြောက်ဘက်သွားမယ့် ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေကို ရပ်စောက်(ဗထူး)မြို့အထွက်ဂိတ်မှာ ပိတ်ထားကြောင်းလည်း မိုင်းရယ်မြို့ခံ အမျိုးသားက ပြောပါတယ်။