ပုလဲမြို့ စစ်ရှောင်ပြည်သူတစ်သောင်းကျော် အိမ်မပြန်နိုင်သေးပဲ ကျန်းမာရေး အကူအညီလိုအပ်နေ
–
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ တစ်သောင်းကျော်ကျန်ရှိနေသေးပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးလိုအပ်နေသေးကြောင်း “စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်” ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပုလဲမြို့သိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်ရန် ခက်ခဲနေတဲ့ စစ်ရှောင်ပြည်သူတွေကို ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်း ဆေးအဖွဲ့နဲ့ Beyond The Chin Dwin Organization – BCO၊ ဒေသခံကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ဆေးဝါးကုသမှုပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက် ရဲ တာဝန်ရှိသူက ပြောပါတယ်။
“သွားရေးလာရေး အဆင်မပြေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီကိုပဲ သွားခဲ့တာပေါ့နော်။ ကျွန်တော်တို့က ဦးရေ (၁၃၀) သာ ကုသပေးလိုက်ပေမဲ့ တကယ်တန်းမြေပြင်မှာ လိုအပ်တာတော့ သောင်းဂဏန်းထိရှိတယ်။”လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။
စစ်ဘေးရှောင်အများစုဟာ ရာသီတုတ်ကွေးနဲ့ ခေါင်းမူးခေါင်းကိုက်၊ နာစေးချောင်းဆိုး အဖြစ်များတာကိုတွေ့ရပြီး၊ အသက်ကြီးပိုင်းတွေဆိုရင် သွေးတိုး၊ ဆီးချိုတွေ အဖြစ်များတာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။
စစ်ဘေးရှောင်ဦးရေများပြားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့အခါမှာ ဆေးဝါးမလုံလောက်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ပုလဲမြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က ပုလဲမြို့အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်တာကြောင့် ဒေသခံပြည်သူ နှစ်သောင်းကျော်လောက်က ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူ တစ်သောင်းကျော်လောက် အိမ်မပြန်နိုင်ပဲ ကျန်ရှိနေသေးကြောင်း ပြောပါတယ်။