၁၀၂၇ စစ်ဆင်ရေးအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ လေယာဉ်ဆီ ဖြတ်တောက်ရန် တောင်းဆို
–
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အရပ်သား (၁၀၁၁) ဦး ထိုခိုက်သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (HRAN) က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
HRAN ရဲ့ အစီရင်ခံစာအရ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူ (၄၀၁) ဦးရှိခဲ့ပြီး အများဆုံးဖြစ်ပါတယ်။ ဒုတိယအများဆုံးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး (၃၂၀) ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တတိယအများမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့်ဖြစ်ပြီး (၁၂၉) ဦး ထိခိုက်သေဆုံးခဲ့တာကို ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူလည်း (၅၃) ဦးရှိခဲ့ပြီး စတုတ္ထအများဆုံး ရှိပါတယ်။ ဒါ့အပြင် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (HRAN) က စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်ရေးအတွက် အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို ပိတ်ဆို့ပေးရန်၊ လေယာဉ်ဆီရောင်းချခြင်းကို ရပ်တန့်ရန်၊ တော်လှန်ရေး အင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ကူညီထောက်ပံ့ပေးရန် စတဲ့အချက်တွေပါဝင်တဲ့ အချက် (၇) ချက်ကို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေထံ တောင်းဆိုလိုက်ပါတယ်။
HRAN ကို တအာင်းအမျိုးသမီအဖွဲ့အစည်း၊ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့၊ တအာင်းဥပဒေအထောက်အကူပြုဖောင်ဒေးရှင်း၊ ပေါင်းစည်းအားအင်တီကျူ့ နဲ့ New Star Law Firm အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ရက်အဖွဲ့ ဖြစ်ကြောင်း သိရပါတယ်။