PLA တပ်က ၁၀၂၇ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ နှစ်ပတ်လည် မှတ်တမ်းထုတ်ပြန်
–
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် နှစ်ပတ်လည်မှတ်တမ်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့ထုတ်ပြန်ပါတယ်။
“ဗမာပြည် လက်နက်ကိုင်တော်လှန်ရေးနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတို့တွင် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီး စစ်အုပ်စုကို အထိနာစေခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် တနှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။”လို့ ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အရက္ခတပ်မတော် (AA) တို့ ပူးပေါင်းပါဝင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA ဟာ ညီနောင်မဟာမိတ်အဖွဲ့များဖြစ်တဲ့ (MNDAA)၊ (TNLA) နဲ့ (AA) တို့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ မြို့ရွာတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PLA တပ်က MNDAA နဲ့ ပူးပေါင်းပြီး သိန္နီမြို့နဲ့ သိန္နီမြို့ရေပူစမ်း စစ်ဆေးရေးဂိတ်စခန်းကို သိမ်းနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဆက်လက်ပြီး သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၆) ကိုလည်း ရက်ပေါင်း (၇၂) ရက်ကြာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း စစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် PLA တပ်က TNLA နဲ့ ပူးပေါင်းပြီး မိုးမိတ်မြို့နဲ့ မိုးမိတ်မြို့နယ်အတွင်းက ကျောက်မောရဲစခန်း၊ ကင်းချောင်းရွာတပ်စခန်း၊ မိုးမိတ်အခြေစိုက် စကခ ၂၁ လက်အောက်ခံ ခလရ-၃၄၈၊ ခလရ-၂၇၆၊ ခလရ-၂၂၃ တို့ အခြေစိုက်ရာ စစ်ဗျူဟာ အခြေချ (မိုးမိတ်ဗျူဟာ) တို့ကို တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လားရှိုးမြို့သိမ်းတိုက်ပွဲမှာလည်း MNDAA၊ BPLA တို့နဲ့ ပူးပေါင်းပြီး ခလရ-၆၈ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲက ခလရ-၁၄၈၊ မိုးကုန်-သပိတ်ကျင်း-မန္တလေး လမ်းဆုံရှိ ဖော့တောလမ်းဆုံစခန်း၊ တွင်းငယ်ကျေးရွာစတဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ TNLA၊ မိုးကုတ်ပျူဟာတို့နဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တယ်လို့ ပါရှိပါတယ်။ သီပေါမြို့သိမ်းတိုက်ပွဲမှာလည်း ဖြတ်တောက်ရေးပိုင်း တာဝန်ယူကာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ (၇) မိုင်၊ ကျောက်ကြီးနဲ့ စစ်ကောင်စီရဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက ၁၃) နဲ့ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ ၆၁၁ တပ်မဟာအတွင်းမှ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ လားရှိုး PDF၊ မိတ္ထီလာ PDF၊ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)၊ ဒရုန်းတပ်ဖွဲ့များနဲ့ အခြားမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။