ချစ်သူနဲ့စကားများပြီး ပစ်သတ်ခဲ့တဲ့ တော်လှန်ရေး ရဲဘော် ဒုတပ်ခွဲမှူးတစ်ဦးကို ထောင် (၁၀) နှစ်ချမှတ်
–
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဒီကနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့အမှုဖြစ်ပြီး၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁) – ဒုတပ်ခွဲမှူး ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေနဲ့ သခွတ္တောကျေးရွာက မယုမွန်ထိုက်တို့ဟာ သမီးရည်းစားချင်း စကားများခဲ့ကြပြီး၊ လမ်းခွဲစကားပြောခဲ့တဲ့ ချစ်သူအမျိုးသမီးကို စိတ်မထိန်းနိုင်ပဲ ပစ်သတ်ခဲ့တဲ့ပြစ်မှုဖြစ်ကြောင်း သိရပါတယ်။ ရဲဘော်ပြည့်ထွန်းနိုင်က နေအိမ်ထဲထိဝင်လာပြီး အမျိုးသမီးရဲ့ မိဘတွေရှေ့မှာ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီအမှုကိုတော့ NUG က ၉ လကြာ စစ်ဆေးခဲ့ပြီးနောက် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
သခွတ္တောကျေးရွာက အမျိုးသမီးတဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁) – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့ကြောင်း အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ပေါ်ပေါက်တဲ့အတွက် တရားခံကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှာ တရားခံ ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန်နဲ့ စစ်တရားရုံးလုပ်ထုံးလုပ်နည်း အပိုဒ် – ၈၁ အရ အတည်ပြု အမိန့်ချမှတ်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ်တည်ဆောက်လျက်ရှိပြီး၊ လိုအပ်တဲ့ ထိန်းကြောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်းနဲ့ တပ်မတော်သားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကိုလည်း မျှတတဲ့တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားပါတယ်။