ခရောင်းလမ်းမှာ အိမ်မက်ကိုယ်စီ ထမ်းထားသူများ
–
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးရွားလာတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အကြပ်အတည်းတွေကြောင့် လူငယ်တော်တော်များများ ပြည်ပကိုထွက်ခွာဖို့ စဉ်းစားရွေးချယ်ကြပေမဲ့ တစ်ချို့လူငယ်တွေက ပြည်တွင်းမှာပဲ နေထိုင်ပြီး ကိုယ်အားသန်တဲ့ လုပ်ငန်းတစ်ခုခုနဲ့ အစပြုရုန်းကန်ဖို့ ဆုံးဖြတ်ကြသူတွေလည်း ရှိကြပါတယ်။ ဒီလိုလူငယ်တွေထဲမှာ ကချင်ပြည်နယ်က ကိုဘရန်ဂျာလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
“ဟုတ်ကဲ့ ကျတော့်အနေနဲ့ ဒီလုပ်ငန်းကိုရွေးချယ်ရတာက ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားက ကျတော်တို့ လူငယ်များအနေနဲ့ အရမ်းကြီး လှုပ်လှုပ်ရှားရှားနဲ့ အရမ်းကြီးထင်ထင်ပေါ်ပေါ်နဲ့ သွားလို့ရှိရင် အဆင်မပြေတဲ့ အခြေအနေပေါ့နော်။ အဲ့အတွက်ကြောင့် ကျတော်တို့ ခုလိုမျိုးပေါ့နော်၊ အိမ်တွင်း အိမ်ထဲမှာပဲ လုပ်လို့ရတဲ့ အလုပ်တစ်ခုကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။”
မှိုစိုက်ပျိုးရေးအလုပ်ကို သူဘာကြောင့် ရွေးချယ်တာကို ပြောသွားပြီးနောက် နိုင်ငံခြားမထွက်ပဲ ပြည်တွင်းမှာ ရုန်းကန်လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချရတဲ့အကြောင်းကိုလည်း အခုလိုပြောပါတယ်။
“ကျတော့်တစ်ဦးတည်း အမြင်ပေါ့နော်။ နိုင်ငံခြားသွားပြီးမှ ပြန်လာလို့ရှိရင်လည်း လည်ပတ်ရမဲ့ လုပ်ငန်းတစ်ခုရှိရမယ်လို့ ကျတော့်အနေနဲ့ ခံယူထားတယ်ပေါ့နော်။ အဲ့အတွက်ကြောင့် နိုင်ငံခြားသွားပြီးမှ ပြန်လာလို့ရှိရင်လည်း အစကနေ ပြန်ကြိုးစားရမယ့်အတူတူ နိုင်ငံခြားသွားတဲ့ အချိန်အတိုင်းအတာအတွင်းမှာ ပေါ့နော်၊ ဒီအခြေအနေမှာ အဆင်ပြေတဲ့ လုပ်ငန်းတစ်ခုကို ဒီနိုင်ငံရေး အခြေအနေ လက်ရှိ အခြေအနေအကုန်လုံးနဲ့ အပ်စပ်တဲ့လုပ်ငန်းတစ်ခု ရအောင်တည်ထောင်မယ်ဆိုတဲ့ ကျတော့်ရဲ့အတွေးနဲ့ ဒီလုပ်ငန်းကို စတင်တည်ထောင်ရခြင်း ဖြစ်ပါတယ်။”
ကိုဘရန်ဂျာဟာ တက္ကသိုလ်ကျောင်းသားဖြစ်ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း တက္ကသိုလ်ပညာရေးကို ရပ်နားခဲ့ပြီး၊ ရန်ကုန်မြို့မှာ မှိုစိုက်ပျိုးရေးကိုတစ်နှစ်ကြာ လေ့လာသင်ယူခဲ့ပါတယ်။ အဲ့ဒါပြီးတဲ့နောက် ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းကနေ ဒီမှိုစိုက်ပျိုးရေးအလုပ်ကို ကိုယ်တိုင် စတင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ခြံကနေ တစ်ရက်ကိုအနည်းဆုံးမှို (၄) ပိဿဝန်းကျင်ထွက်ရှိနေပြီး၊ မြစ်ကြီးနားမြို့တွင်းမှာ ရောင်းချဖြန့်ဖြူးနေတယ်လို့ ပြောပါတယ်။
“ဟုတ်ကဲ့ ကျတော့်ရဲ့နေ့စဥ် ကျတော့်ရဲ့ ခြံကနေ ထွက်တဲ့ပိဿရေက (၄) ပိဿတော့ အနည်းဆုံးရှိပါတယ်။ အဲ့တာလေးတွေကို ကျတော်က မနက်ကျရင် မိုးမလင်းဈေးကို သွားရောင်းတာတို့ ရပ်ကွက်ဈေးမှာ ဖောက်သည် ပြန်လိုက်ပေးတာတို့ လုပ်ပါတယ်ဗျ။”
ဒါပေမဲ့ လက်ရှိကာလရဲ့ ငွေကြေးဖောင်းပွမှုဒဏ်တွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေနဲ့ နယ်မြေဒေသ မလုံခြုံမှုတွေဟာ သူ့ရဲ့လုပ်ငန်း ရေရှည်ရပ်တည်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ သူကပြောပါတယ်။
“ကျတော်တို့သွားလာတဲ့အခါ အနည်းငယ် စိုးရိမ်ကြောင့်ကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျတော်တို့ မနက်မိုးမလင်းဈေးတို့ ရပ်ကွက်ဈေးတို့ လိုက်ပို့ရတဲ့အချိန်တွေကြရင် မနက်အစောကြီး ထသွားရတဲ့အချိန်တွေပေါ့နော် အဲ့အချိန်တွေမှာ ကျတော်တို့ အနည်းငယ်သတိထားရတဲ့ အချိန်တွေရှိပါတယ်။ ကျတော်တို့ လူငယ်ဖြစ်တဲ့အတွက်ကြောင့် ကျတော်တို့သွားလာတဲ့အခါကျရင် တော်တော်လေး သတိထားပြီးမှ တော်တော်လေး မျက်စိရှင်ရှင်ထားပြီးမှ သွားလာရတဲ့ အခြေအနေပေါ့နော်။“
အခက်အခဲတွေကြားက ပြည်တွင်းမှာပဲ ရုန်းကန်နေတဲ့ ကိုဘရန်ဂျာလို လူငယ်တွေရှိသလို ရည်းမှန်းချက် အကြောင်းပြချက်အမျိုးမျိုးနဲ့ ပြည်ပကိုထွက်ခွာသွားတဲ့ လူငယ်တွေလည်း ဒုနဲ့ဒေးရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ဇူလိုင်လအထိ မြန်မာနိုင်ငံသား ၂ သန်း ၂ သိန်းကျော် ပြည်ပကို ထွက်ခွာခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ထားကြောင်း စက်တင်ဘာ ၇ ရက်နေ့ ဘီဘီစီသတင်းမှာ ဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။ အဲ့ဒီလို ပြည်ပထွက်ခွာသွားတဲ့သူတွေထဲမှာ လက်ရှိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်ရင်း ပညာသင်ယူနေတဲ့ ကိုဂွမ်ရိန်နော်က အခုလိုပြောပြပါတယ်။
“စစ်ကောင်စီက အာဏာသိမ်းတဲ့ အချိန်ကစပြီး လူငယ်ဆယ်ကျော်သက်တွေအတွက် အရမ်းကို နောက်ကျလာတယ်။ အောင်မြင်တိုးတက်ဖို့၊ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ရောက်နိုင်ဖို့ အရမ်းနောက်ကျ နှောင့်နှေးနေရတယ်။ ဒီလိုစိုးရိမ်စရာတွေ အများကြီးရှိနေတယ်။ ဆိုလိုတာက ဒီလိုနိုင်ငံခြားရောက်သွားလို့ ကျတော်တို့လူငယ်တွေ စိုးရိမ်စရာမလိုတော့ဘူး။ နေရာကောင်းတွေ အများကြီးရှိတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျတော်တို့လည်း အနေအထားတစ်ခုကို ကျော်ဖြတ်ချင်လို့ လှေကားထစ်တစ်ခုကို တက်လှမ်းချင်လို့သာ ကျတော်လည်း သိသင့်သိထိုက်တဲ့ ပညာတွေကို အထူးသဖြင့်တော့ မတူညီတဲ့ပညာရပ်တွေကို လေ့လာသင်ယူချင်တဲ့ ဆန္ဒတွေကြောင့် ရောက်ရှိလာတာ ဖြစ်ပါတယ်။”
အသက် (၂၀) နှစ်သာရှိသေးတဲ့ ကိုဂွမ်ရိန်နော်ဟာ အလုပ်လုပ်ရင်းနဲ့ အင်္ဂလိပ်စာနဲ့ အခြားဘာသာရပ်တွေကို အွန်လိုင်းကနေလည်း အချိန်ပိုင်း တက်ရောက်လေ့လာနေတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဝင်ငွေရတဲ့လုပ်ငန်းတစ်ခု ထူထောင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အခက်အခဲကြားက ကြိုးစားလေ့လာ သင်ယူနေကြောင်း ပြောပါတယ်။
“ကျတော်က နိုင်ငံခြားကို ရောက်လာတာဆိုတော့ ဘာသာစကားမတတ်တော့ အရမ်းခက်ခဲပါတယ်။ ဘာသာစကားကိုလည်း ကိုနိုင်သလောက်လေ့လာနေပြီး ကျောင်းမတက်ဖြစ်ပေမဲ့ အွန်လိုင်းကနေ လေ့လာသင်ယူ အဲ့လိုမျိုးကနေ အထူးသဖြင့်တော့ အလုပ်အကိုင်ကို ဦးစားပေးလုပ်ကိုင်နေပါတယ်။ အလုပ်ကို အဆင်ပြေသလိုသာလုပ်နေတာ မဟုတ်ပဲ ကိုယ့်အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်စေနိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လေ့လာသင်ယူရင်း ကြိုးစားလုပ်နေတာပါ။”
လက်ရှိ မြန်မာပြည်သူတွေဟာ ပြည်တွင်းမှာပဲနေနေ ပြည်ပမှာပဲ ရောက်ရောက် အဆင်ပြေချောမွေ့ကြတာ မဟုတ်ပဲ အခက်အခဲ စိန်ခေါ်မှုတွေ တစ်မျိုးမဟုတ် တစ်မျို့နဲ့တော့ ကြုံတွေ့နေကြရသလိုပဲ ကိုဂွမ်ရိန်နော်နဲ့ ကိုဘရန်ဂျာက အခုလိုပြောပါတယ်။
ကိုဂွမ်ရိန်နော်န “အဓိကတော့ ဒီမှာစိုးရိမ်ရတာက တစ်ချို့တွေဆိုရင် passport (နိုင်ငံကူးလက်မှတ်) မရှိကြဘူး။ နေထိုင်ဖို့ အခွင့်အရေးတွေ မရှိလာဘူး။ အရမ်းစိုးရိမ်ရပါတယ်။ အဲ့လိုတွေကြုံတွေ့ နေရပါတယ်။”
ကိုဘရန်ဂျာ “ကျတော် ဒီလုပ်ငန်းကို လည်ပတ်ဖို့အတွက် လိုအပ်တဲ့ကုန်ကြမ်းတွေ အကုန်လုံးကို ကျတော်တို့ဒေသမှာပဲ မရရှိနိုင်ပါဘူး။ အဲ့လို ကုန်ကြမ်းတွေကို ကျတော်တို့ မှာယူရတဲ့ အဝေးကနေ မှာယူရတဲ့ အချိန်တွေရှိပါတယ်။ အဲ့လိုမျိုးအချိန်တွေကျရင် ကျတော်တို့ လမ်းပန်းဆက်သွယ်ရေး အနည်းငယ် အခက်အခဲကြောင့် ကျတော့်လုပ်ငန်းလေးတွေကို ရပ်တန့်ထားရတာတို့ နားထားရတာတို့ ရှိပါတယ်။“