တိုက်ပွဲတွေ ပန်ဝါမြို့နဲ့နီးလာ၊ ၁၀၀၁ နယ်ခြားစောင့်တပ်ရင်းဘက်မှာ စုဆောင်းရေးလုပ်၊ ဒေသခံတွေ စစ်မတိုက်ချင်
–
မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းနဲ့ နာမည်ကျော်တဲ့ ပန်ဝါနဲ့ ကံပိုင်တည်ဒေသက စစ်ကောင်စီ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ် ကာကင်းစခန်းတချို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ ထွက်ပြေးနေရတယ်လို့ သိရပါတယ်
ပန်ဝါမြို့အဝင် ကျီးကျားကျေးရွာအနီးက စုပေါင်းစခန်းကို ဒီမနက်ကတည်းက KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေကြောင်း ပန်ဝါဒေသခံတွေထံက သိရပါတယ်။
“ပန်ဝါကနေ ၅ မိနစ် ၆ မိနစ်လောက်ပဲ ဆိုင်ကယ်မောင်းသွားရတဲ့နေရာကို ဝင်တိုက်နေတာတဲ့။ အဲ့နေရာမှာ ပြည်သူ့စစ်တွေရော နယ်ခြားစောင့်တွေရော စုပေါင်းစခန်းလိုမျိူး ဟုတ်တယ်။”လို့ ပြောပါတယ်။
တိုက်ပွဲက ပန်ဝါမြို့နဲ့ တစ်မိုင်ကျော် ဝန်းကျင်သာဝေးတဲ့ ကျီးကျားကျေးရွာအနီးအနားတွေထိ ရောက်နေပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒေသခံတွေဟာ တရုတ်နယ်စပ် ဂိတ်ပေါက်နားမှာ စုရုံးနေကြသလို ကျေးရွာတွေမှာ ကတုတ်ကျင်းနဲ့ ပုန်းအောင်နေတဲ့ သူတွေလည်း ရှိသေးကြောင်း သိရပါတယ်။
ကချင်ပြည်နယ်အထူးဒေသ (၁) ရဲ့ ဌာနချုပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့အထိ တဖြည်းဖြည်း ပြင်းထန်လာနေတဲ့ တိုက်ပွဲအခြေအနေကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ ထွက်ပြေးနေကြတယ်လို့လည်း ဆိုပါတယ်။
“ပြည်သူ့စစ်တွေ သေနတ်ကိုင်ပြီး ပရမ်းပတာထွက်ပြေးနေတာ။ သေနတ်တွေမြုပ်ပြီး အရပ်ဝတ်နဲ့ ထွက်ပြေးကြတာ”လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဒါ့အပြင် လောလောဆယ် တိုက်ပွဲဖြစ်ပွားမှုမရှိသေးတဲ့ အမှတ် (၁၀၀၁) ဖီမောနယ်စပ်ဘက် ချန်းမောခုံးဒေသမှာလည်း ပြည်သူ့စစ်တွေ စုဆောင်းရေးလုပ်ပြီး စစ်သင်တန်းပေးနေတယ်လို့ ချန်းမောခုံးဒေသက မိသားစုနဲ့ အဆက်အသွယ်ရရှိခဲ့သူတစ်ဦးက ပြောပါတယ်။
“တစ်အိမ်တစ်ယောက်ပေါ့၊ မလုပ်မနေရ ရွာကလူငယ်တွေ အားလုံးဘဲ အဓိကတော့ ပြည်သူ့စစ် သေနတ်ကိုင်လို့ရတဲ့ အရွယ်အားလုံးပေါ့။ ပြောရမယ်ဆို တိုက်ပွဲကလောလောဆယ် မရှိသေးဘူး၊၊”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်သင်တန်းပေးနေတာ (၂) ပတ်လောက်ရှိနေပြီလို့လည်း ၎င်းသတင်းရင်းမြစ်က ပြောပါတယ်။ ၎င်းရဲ့မိသားစုဝင်တွေလည်း စုဆောင်းရေးထဲ ပါသသွားပြီး စစ်မတိုက်ချင်ကြောင်း ပြောလာတယ်လို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။
“သင်တန်းပြီးရင် ရှေ့တန်းထွက်ရမှာ ကြောက်တယ်လို့ ကျွန်တော်ကို ငိုပြီးပြောပြနေတယ်။ ကျွန်တော့် အစ်ကိုက။ ကျွန်တော်အဖေက ရှေ့တန်းရောက်နေပြီ။ သူတို့က စစ်မတိုက်ချင်ကြဘူး။”လို့ ပြောပါတယ်။
မနေ့က အောက်တိုဘာ ၁၇ ရက်နေ့ကလည်း တရုတ် – မြန်မာနယ်စပ် ကံပိုင်တည်ဘက်က အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်းရဲ့ ကာကင်းစခန်းနဲ့ ပန်ဝါမြို့နားက ချန်းရင်ခူး စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် ဒီနေ့မှာတော့ စခန်းတွေကို သိမ်းပိုက်ပြီး ရှင်းလင်းရေးလုပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ဒရုန်းဗုံးတွေနဲ့ လက်နက်ကြီးထိမှန်ပြီး ကျဆုံးတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ သိရှိရပါတယ်။