လားရှိုးမှာ လေယာဉ်ဗုံးကြဲ၊ ရှမ်းပြည်နယ် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ လေကြောင်း တိုက်ခိုက်မှု များလား
–
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့ကို စစ်ကောင်စီတပ်က ဒီမနက် ၁၀ နာရီခွဲလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် လူအထိခိုက်တွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ထွေအုပ်ရုံးနဲ့ ဗျူဟာလမ်းမကို ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချခဲ့ပြီး၊ ပြည်သူ (၁၂) ဦး ထိခိုက်ကာ (၁) ဦးသေဆုံးခဲ့တယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
“လေယာဉ်က ၂ လုံးကြဲသွားတယ်။ ရပ်ကွက် (၁) ဗျူဟာလမ်းပေါ်တစ်လုံး ကြဲသွားတယ်။ အဲ့မှာက တိုင်းပေါက်ဝနဲ့ နီးတော့ လူမရှိတော့ လူမထိဘူး။ နောက်တစ်လုံးက ထွေအုပ်ရုံးထဲက လဝကရုံးထဲကို ကျတာ လူတစ်ယောက်သေတယ်။”လို့ ဒေသခံက ပြောပါတယ်။
MNDAA ဘက်ကလည်း ဒီမနက် လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လားရှိုး ဧရိယာ စစ်ရေးအုပ်ချုပ်ရေးကော်မတီနဲ့ ရဲဌာနများမှ ဝန်ထမ်းများဟာ အခင်းဖြစ်ပွားရာနေရာကို သွားရောက် ကယ်ဆယ်ရန်စီစဉ်ကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြောင့် အရပ်သား (၁၂) ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ထားပြီး အတိအကျဆုံးရှုံးမှုနှင့် အသေအပျောက်များကို ထံမံသိရှိရန် စုံစမ်းနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ လားရှိူးမြို့ကို ဗုံးကြဲခဲ့လို့ မိုးလုံလေလုံ အားကစားကွင်းက ကားတစ်ချို့ ထိခိုက်ပျက်စီးခဲ့ပြီး အနီးရှိ Silver Sky ဟိုတယ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ AA၊ MNDAA၊ TNLA တို့ကို စက်တင်ဘာ ၂ ရက်နေ့က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ မနက် ၁ နာရီလောက်မှာလဲ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က ပေါင် (၅၀၀) ဗုံးကြဲချခဲ့လို့ ပြည်သူ (၁၁) ဦးသေဆုံးပြီး (၁၁) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။