ဖားကန့်မှာ အရပ်သားထိခိုက်မှုများလာ၊ (PCG) အဖွဲ့ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်လည်း ပေါင်မှာ သေနတ်ကျည်ဆံထိ
–
ဖားကန့်၊ ဆိုင်းတောင်ကျေးရွာ တိုက်ပွဲဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူ ၁၀ ဦးထက် မနည်းရှိလာတယ်လို့ ဒေသခံတွေထံကတစ်ဆင့် သိရှိရပါတယ်။
Lucky Man ဟိုတယ်နဲ့ ပတ်ဝန်းကျင်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်သတ်တဲ့အပြင် ဟိုတယ်ထဲမှာလည်း သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေရှိတယ်လို့ ဆိုင်းတောင်ဒေသခံတစ်ဦးက ဆိုပါတယ်။
“သေတဲ့သူများတယ် ဟိုတယ်မှာ။ ခုထိအလောင်းတွေ ပြန်မပေးဘူး။ ပြည်သူတွေလည်း သေကြတယ်။ လမ်းမပေါ်မှာ ပစ်သတ်တာ။”လို့ ဒေသခံက ပြောပါတယ်။
ဟိုတယ်ထဲမှာ ရုပ်အလောင်း (၇) လောင်းရှိနေပြီး ၎င်းရုပ်အလောင်းတွေဟာ ဟိုတယ်မှာ လာရောက်တည်းခိုသူတွေနဲ့ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။
“ဟိုတယ်မှာလာတည်းတဲ့ ဧည့်သည်တွေနဲ့ လမ်းသွားပြည်သူ၊ မသင်္ကာရင် ဖမ်းသတ်နေတာ။”လို့လည်း ပြောပါတယ်။
စက်တင်ဘာ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာလည်း လမ်းသွားလမ်းလာ ပြည်သူနှစ်ယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သူတွေရှိပြီး ၎င်းရုပ်အလောင်း ၂ ခုကိုတော့ လူမှုကူညီရေးအသင်းတွေက သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
တိုက်ပွဲတွင်း လက်နက်ကြီး ထိမှန်တာကြောင့် ဒဏ်ရာရသူ (၂) ဦး၊ သေဆုံးသူ (၁) ဦးလည်း ရှိထားတယ်လို့ သိရှိရပါတယ်။
စက်တင်ဘာ ၇ ရက်နေ့က Lucky Man ဟိုတယ်နဲ့ ကေတီဗီနေရာမှာ KIA နဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပိတ်ဆို့ပြီး နှစ်ဖက်တပ်ဖွဲ့တွေ စစ်ရေးတင်းမာမှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဖားကန့်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနောက်ဆက်တွဲအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ခေါင်းဆောင် ဦးယွပ်ဇော်ခေါင်လည်း ပေါင်မှာသေနတ်ကျည်ဆံ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိပေမဲ့ အသေးစိတ် အခြေအနေ ကို မသိရသေးပါ။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဟိုတယ်ထဲ ဝင်ရောက်နေရာယူလိုက်ပြီး၊ KIA ပူးပေါင်းတပ်တွေက အပြင်ကနေ ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။