ချန်ပီယံဖြစ်ဖို့ ယုံကြည့်မျှော်လင့်နေတဲ့ Joseph Sut Du Awng
လူငယ်ဘဝ၊ လူငယ်ကဏ္ဍ။
–
“နှေးရင်နှေးနေမယ်၊ တနေ့ကိုယ်ရည်မှန်းချက်ရှိတာ ဖြစ်ကိုဖြစ်မယ်။ ဘယ်လိုလဲ၊ အဲ့ရည်မှန်းချက် ကိုယ်ကန်လိုက်ပြီဆိုရင် ခွန်အားရှိတယ်လို့ခံစားရတယ်၊ ပျော်တယ်။”
ပညာရေး၊ စီးပွားရေး အဘက်ဘက်မှာ ဆိုးရွားနေတဲ့ လောကဓံတရားကို မြန်မာနိုင်ငံက လူငယ်၊ လူကြီး၊ ကလေးသူငယ်မရွေး ခံစားနေရတာပါ။ ဒါကြောင့် မြန်မာပြည်က လူငယ်တွေ အများအပြားဟာ ထိုင်းနိုင်ငံ၊ အမေရိက၊ ဂျပန်၊ မလေးရှား စတဲ့ နိုင်ငံရပ်ခြားတွေမှာ ပညာဆက်လက် ဆည်းပူးတာတွေ ရှိသလို၊ ငွေရေးကြေးရေးကြောင့် အလုပ်ထွက်လုပ်တဲ့ လူငယ်တွေဟာလည်း ဒုနဲ့ဒေးပါပဲ။
ဒီထဲမှာ အသက် ၂၇ နှစ်အရွယ် Joseph Sut Du Awng (ဂျိုးဆက်ဆွတ်ဒူအောင်) လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ မွေးချင်းမောင်နှမ (၇) ယောက်မှာ အငယ်ဆုံးသားလေးဖြစ်ပြီးတော့ ရန်ကုန် သင်္ကန်းကျွန်းမှာ ကျောင်းတက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အစ်ကိုတွေရှိတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အလုပ်လုပ်ပိုက်ဆံရှာဖို့ အမိမြေကနေ ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ငယ်ငယ်လေးကတည်းက တိုက်ခိုက်ရေးတွေမှာ အလွန်ဝါသနာထုံသူလို့လည်း ဆိုပါတယ်။ ဒါကြောင့် သူဟာ အလုပ်တစ်ဖက်နဲ့ သူ့ရဲ့ ဝါသနာပါရာ၊ ရည်မှန်းချက်ကြီးရာ သိုင်းပေါင်းစုံအားကစားကို အခက်အခဲတွေ အမျိုးမျိုးကြားထဲက လိုက်စားနေခဲ့တယ်လို့ ပြောပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က Lalaport Shopping Mall The Cage မှာ မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage (MMA) Amateur Level ချန်ပီယံသစ်ရှာဖွေပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ပြိုင်ဘက် Galvin Steven ကို ပထမအချီ တစ်မိနစ်နဲ့ ၅၇ စက္ကန့်အတွင်းမှာပဲ အလဲထိုးအနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ လစဉ်တင်ဆက်နေတဲ့ Kachinwaves ရဲ့ လူငယ်ဘဝ၊ လူငယ်ကဏ္ဍ အစီအစဉ်ကနေ သူ့အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။
“ငယ်ငယ်လေးကနေ ကစားတာတွေ အရမ်းဝါသနာပါတာ ဟုတ်တယ်။ အစ်ကိုတွေကလည်း တိုက်ကွန်ဒို၊ ကာယဗလမောင်တို့ အမျိုးမျိုး အားကစားတွေဆော့ကြတယ်။ အိမ်မှာဆိုရင် မိဘမဲ့ကျောင်းမှာဆိုရင် မိဘမဲ့ကလေးတွေကို အစ်ကိုတွေက သင်ပေးတာ ဟုတ်တယ်။ အပြင်မှာဆိုရင် သင်တန်းတွေ နွေရာသီကျောင်းပိတ်ရက်တွေမှာ သင်တန်းတွေလိုက်တက်တယ်။ ငယ်ငယ်လေးကတည်းက အဲ့လိုဝါသနာပါတာ ဟုတ်တယ်။ ဒီရောက်တော့ ဘယ်လိုထိုးဖြစ်သွားလဲဆိုတော့ တနေ့ Gym မှာ ဆော့နေရင်းနဲ့ Gym မှာ သူဌေးနဲ့ အဲ့သင်ပေးတဲ့ ဆရာတစ်ယောက်နဲ့သိတော့ အဲ့ဆရာက လာလည်ရင်း ကျနော်ကိုတွေ့တော့ ကျနော့် ခန္ဓာကိုယ်ကိုကြည့်ပြီး ထိုးရင် အရမ်းအောင်မြင်မယ်လို့ ပြောပြီး သူ့ဆီမှာလာတက်ဖို့ ပြောတယ်။ သူ့ဆီမှာ အရင်တက်ရင်းနဲ့ Kick Boxing ကို အရင်စတာ ဟုတ်တယ်။ ဘာလို့ဆို အခုကျနော် သင်တန်းတွေတက်တယ်ကွာ အရမ်းသဘောကျတယ်။ သင်တန်းမှာ သွားနေပြီဆိုရင် ပျော်နေတယ်။ ဘာလို့ဆိုရင် သင်တန်းတစ်ရက်လေး မသွားရဘူးဆိုရင် လူကဖျားချင်သလိုလို အဲ့လိုမျိုးကွာ ဖျားချင်သလိုလို အဲ့လိုမျိုးဖြစ်တယ်။ သင်တန်းသွားနေရရင် အမြဲပျော်တယ်။ ပြိုင်ပွဲတွေဝင်တယ်ကွာ ထိုးနေရတယ်။ ပြိုင်နေရတယ်ဆိုရင် အမြဲတမ်းပျော်တယ်။”
ပညာရေး၊ ဝမ်းရေး စတာတွေကြောင့် နိုင်ငံရပ်ခြားကို ထွက်ခွာပြီး နေထိုင်ရတဲ့အခါ အရောင်အသွေးစုံလင်လှတဲ့ အခက်ခဲတွေကြောင့် လူငယ်အများစုဟာ ကိုယ့်ရဲ့ ဝါသနာပါရာ၊ ကိုယ်ချစ်မြတ်နိုးတဲ့အရာတွေကို စွန့်လွတ်စတေးခံရင်း ကြိုးစားရုန်းကန်နေကြရတာပါ။ ဒါပေမဲ့ ဆွတ်ဒူအောင်တစ်ယောက်ကတော့ တစ်နေ့ MMA ချန်ပီယံဖြစ်လိုတဲ့ အိမ်မက်ကို မစွန့်လွတ်ပဲ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
“အခုလည်း အခက်ခဲတွေတော့ အများကြီးပဲနော် ဘာလို့ဆိုရင် အလုပ်ချိန်နဲ့ ညှိယူရတယ်။ အလုပ်လုပ်သမျှ လစာတွေအကုန်လုံးက သင်တန်းကိုပဲသွားတယ်။ တော်ရုံတန်ရုံ ဒီမှာ သင်တန်းတက်ဖို့ဆိုတာ မလွယ်ဘူးကွာ၊ ဘာလို့ဆိုရင် သင်တန်းစရိတ်တွေက အရမ်းဈေးကြီးတယ်။ နေစရိတ်တွေရှာရမယ်။ စားသောက်စားရိတ်တွေ အများကြီးပဲကွာ။ တစ်ခါတလေကျရင် ဒီအိမ်နဲ့ သင်တန်းနဲ့သွားလာတဲ့ ကားစရိတ်တွေ အဲ့လိုကွာ၊ ကျနော်အလုပ်လုပ်သမျှ ပိုက်ဆံတွေ အကုန်လုံးက သင်တန်းမှာပဲ စီးဝင်နေတာ အများကြီးပဲကွာ၊ အခက်ခဲတွေက ပြောမယ်ဆိုရင် ကိုယ်ဝါသနာပါရင်တော့ ဝါသနာပါသလိုပေါ့။ အခက်ခဲတွေက ရှိလားဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် လူတိုင်းမှာကတော့ အခက်ခဲတွေ ကိုယ်စီရှိကြတယ်ကွာ။ ကျောင်းသားတွေဆိုရင်လည်း သူတို့မှာ သူတို့အခက်အခဲရှိတယ်။ ကျနော်တို့လို အလုပ်လုပ်တဲ့ သူတွေဆိုရင်လည်း အလုပ်လုပ်တယ်။ အားတဲ့ချိန်လေးမှာ ကစားတယ်။ အဓိကက ကိုယ့်ဝါသနာ ကိုယ်စိတ်ဝင်စားတယ်၊ ကိုယ့်ရည်မှန်းချက်ရှိတယ်ဆိုရင် အခက်အခဲတွေကတော့ အဲ့လောက်မရှိတော့ဘူးလို့ ခံစားရတယ်။ ဘယ်လောက်ထိ ရည်မှန်းထားလည်းဆိုတော့ တစ်နေ့ ချန်ပီယံဖြစ်တဲ့ထိ ဆော့မယ်။”
မလေးရှား နိုင်ငံအခြေစိုက် Rage MMA က ကျင်းပတဲ့ ဒီချန်ပီယံရွေးချယ်ပြိုင်ပွဲမှာဆိုရင် အမေရိက၊ မလေးရှား၊ ထိုင်း စတဲ့ ကမ္ဘာတဝှမ်းက လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် စုစုပေါင်း ၆၀ ခန့်ရှိတဲ့အထဲ ဆွတ်ဒူအောင်လည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ကစားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆွတ်ဒူအောင်ဟာ ကစားပွဲသုံးပွဲကစားရတဲ့အထဲမှာ နှစ်ပွဲကိုတော့ အနိုင်ရရှိထားခဲ့ပြီးပါပြီ။ နောက်ဆုံး တစ်ပွဲဖြစ်တဲ့ အဆုံးသတ်ပြိုင်ပွဲကိုတော့ စက်တင်ဘာ (၇) ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ထိုးတာကျတော့ မြန်မာနိုင်ငံကိုယ်စားပြု ထိုးတာဟုတ်တယ်။ ကချင်အလံကိုင်တာကတော့ ကျနော်က ကချင်ဟုတ်တယ်။ ဝမ်ပေါင်အမျိုး (Wunpawng Amyu) ဟုတ်တယ်။ ဝမ်းပေါင်ကလေးဆိုတော့ ကချင်အမျိုး ကချင်ကလေးတွေကို ဂုဏ်ယူစေချင်တယ်။ အဲ့တာကြောင့် ကချင်အလံကို ကိုင်ဖြစ်တာ ဟုတ်တယ်။ ကိုယ့်အမျိုးတွေ ချစ်တဲ့အတွက်ကြောင့်မို့ ကိုင်ဖြစ်တယ်။ ကချင်အလံကကျတော့၊ ကချင်တွေထဲက ကျနော်တစ်ယောက် သူများနိုင်ငံမှာ ဒီလိုမျိုးလုပ်နိုင်တယ်။ လူငယ်တွေကို ဘယ်လိုလဲ၊ လုပ်ရင် ဖြစ်တယ်ကွာ။ အဓိက ကိုယ့်စိတ်ဓာတ် လုပ်ချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်။ ဘာမဆို လုပ်ရင်ဖြစ်တယ်။ နှေးရင်နှေးနေမယ်၊ တနေ့ကိုယ်ရည်မှန်းချက်ရှိတာ ဖြစ်ကိုဖြစ်မယ်။ ဘယ်လိုလဲ၊ အဲ့ရည်မှန်းချက် ကိုယ်ကန်လိုက်ပြီဆိုရင် ခွန်အားရှိတယ်လို့ခံစားရတယ်၊ ပျော်တယ်။”