သစ်သယ်ယူမှုရှိသည့် မံစီမြို့နယ်တွင်း တိုက်ပွဲဖြစ်
ဗန်းမော်ခရိုင် မံစီမြို့နယ် ဘွမ်ကီတောင်ဘက်တွင် တပ်မတော်နှင့် ကေအိုင်အေ ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ထိုနေရာသည် ကေအိုင်အေ တပ်မဟာ (၃)လက်အောက်ခံ တပ်ရင်း(၁)နယ်မြေဖြစ်ပြီး ဧပြီလ ၂ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
“တိုက်ပွဲကတွေ့ရင် ခဏဖြစ်လိုက် ပြီးရင် ပြန်ငြိမ်လိုက်ပဲ။ အကြာကြီးဖြစ်တာတော့ မဟုတ်ဘူး။”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး face book စာမျက်နှာပေါ်တွင် “မံစီမြို့နယ်အတွင်း၌ မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၂၈ တန်ခန့်နှင့် သစ်တင်ယာဉ် မျိုးစုံ ၃ စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး သစ်ထုတ် လုပ်နေမှုအား ပူးပေါင်းဆောင်ရွက်နေသည့် KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်”ဟု ဧပြီလ ၃ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။
ဗိုလ်မှူးကြီးနော်ဘူက၊ အဆိုပါနေရာတွင် သစ်လုပ်ငန်း အနည်းငယ်ရှိသည့် လုပ်ငန်းနေရာဖြစ်ပြီး သစ်ကုန်သည်များကို ဈေးလာရောင်းပေးသူ ဈေးသည်များလည်း ရှိသည့်နေရာဖြစ်ကြောင်း ဆိုသည်။
“ဒီသစ်တွေက စစ်ကိုင်းတိုင်းဘက်ကနေ လာတာဟုတ်တယ်။ တကယ်ဖမ်းမယ်ဆိုရင် စစ်ကိုင်းတိုင်းက ဒီဘက်အဝင်တွေမှာ ဖမ်းရင်ပိုကောင်းမယ်လို့ ကျွန်တော်မြင်တယ်။” ဟု ၎င်းက ပြောဆိုပါသည်။
တပ်မတော်နှင့် ကေအိုင်အေတို့သည် ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်တွင် တိုက်ပွဲများ အနည်းငယ် ပြန်လည် ငြိမ်သက်လျှက်ရှိသည်။