ကန့်ဘလူမြို့က စကစ တပ်ဂိတ်၂ ခု တိုက်ခိုက်ခံရပြီး ၁၉ ဦးသေဆုံးလို့ပြော
–
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မကျည်းကုန်းရွာထိပ် လမ်းတံတားမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် မနေ့က ဇူလိုင်လ ၂၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီခွဲလောက်မှာ ကျီးကုန်းရွာထိပ်တံတားရဲ့ ဘယ်ညာနှစ်ဖက်မှာ အင်အား၂၃ ယောက်နဲ့ တပ်စွဲထားစဉ် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ဗိုလ်ပိုင်ချဲ (ကန့်ဘလူခရိုင်အထူးလှုပ်ရှားရေး)နှင့် JH (KU) ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူဒေသခံ မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။
“ဂိတ်မှာရှိတဲ့သူ (စကစ) အကုန်နီးပါး သေတယ်။ ၄ ယောက်လောက်က ထွက်ပြေးသွားတာ။ လက်နက်တွေလည်း အများကြီးရတယ်။ တိုက်ပွဲက မိနစ်ပိုင်းလောက်ပဲကြာတယ်။ ကိုယ်ဘက်ကပဲပစ်ခဲ့တာ သူတို့ဘက်က ပစ်ချိန်မရလိုက်ဘူး။”လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဗျူစောထီးနဲ့ စစ်ကောင်စီဘက်က ၁၉ ဦး သေဆုံးခဲ့ပြီး MA 4 (၁) လက်၊ G3 (၃) လက်၊ ပြောင်းချော (၁) လက်၊ ကာဘိုင် (၁၁) လက်နဲ့ ခဲယမ်းတစ်ချို့ရရှိခဲ့သလို ကင်းတဲများကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာတော့ ကျီးကုန်းရွာအနီးက ကာဘိုးရွာမှာ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ရောက်ရှိနေတယ်လို့ သိရပါတယ်။