မိုးမောက်မြို့ စောင့်တပ် ခမရ (၄၃၇) ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်
–
ကချင်ပြည်နယ်၊ မိုးမောက်မြို့ ခမရ (၄၃၇) ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် သိမ်းပိုက်နိုင်ကြောင်း သိရှိရသည်။
ယနေ့နံနက်ကစပြီး မိုးမောက်မြို့စောင့်တပ် ခမရ (၄၃၇) ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ယင်းနယ်မြေနှင့် နီးစပ်သူများထံမှတဆင့် သိရှိရသည်။
“မိုးမောက် ခမရ (၄၃၇) ကို ညနေက ရသွားပြီလို့ကြားတယ်။ သေချာတော့ မသိသေးဘူး။”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မိုးမောက်မြို့စောင့်တပ် အပါအဝင် ဗန်းမော်နှင့် မိုးမောက်မြို့ကြား လမ်းကြောပေါ်ရှိ အခြားစခန်းများကိုလည်း သိမ်းပိုက်နိုင်သည်ဟု မြေပြင်နှင့် နီးစပ်သူများထံမှတစ်ဆင့် သိရှိရသည်။
“ဗန်းမော်နဲ့ မိုးမောက်ကြားကတွေရော အကုန်သိမ်းထားပြီ ပြောတယ်။ မိုးမောက်ကတော့ သေချာတယ်လို့ ပြောတယ်။”ဟု ဆိုသည်။
မေလ ၇ ရက်ကစပြီး မိုးမောက်မြို့စောင့်တပ်ကို သိမ်းပိုက်ရန် စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ၂ လအကျော်တွင် သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ပြီး မိုးမောက်မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်။
ယခုသတင်းနှင့်ပတ်သက်ပြီး KIA ဘက်ကတော့ ထုတ်ပြန်ထားခြင်း မရှိသေးပေ။